By Narinjara /2022 July 11

(ဓာတ်ပုံ- လွန်ခဲ့သောနှစ်ဆောင်းရာသီ မဟာမုနိစခန်း မီးမလောင်မီအချိန်ကမိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး ဆရာမနှစ်ဦးက ကလေးငယ်များကို သင်ကြားပို့ချနေစဉ် (အပေါ်ပုံ) နှင့် ရခိုင်ပြည် အရေးပေါ် ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ ဖြန့်ဝေနေသော မိုင်းအသိပညာပေးစာရွက်များကို တွေ့ရစဉ်)
ရခိုင်ပြည်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင်း ဒေသခံပြည်သူများ သေဆုံးဒဏ်ရာရရှိမှု မြင့်တက်နေသည့် အတွက် မြေမြုပ်မိုင်းအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရည်ရွယ်ပြီး မိုင်းအသိပညာပေးမှု လှုပ်ရှားမှု တခုကို ရခိုင်ပြည် အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ လူမှုကွန်ယက် စာမျက်နှာမှ တဆင့် ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ အသိပညာပေးမှုကို ဇူလိုင်လ ၁၀ ရက်နေ့က ဖြန့်ဝေထားခြင်းဖြစ်ပြီး ကိုယ်မသိသော နေရာများကို မသွားရန်၊ သံသယဖြစ်စရာပစ္စည်းများ၏ အဝေးတွင်နေရန်၊ လုံခြုံစိတ်ချရသော လမ်းကိုအသုံးပြုရန်၊ မိုင်း သို့မဟုတ် သံသယဖြစ်စရာ ပစ္စည်းတခုကိုတွေ့လျင် မထိမကိုင်ရန်နှင့် အဝေးတွင်နေရန်၊ လုံခြုံစိတ်ချရသော လမ်းများကို သိရှိနိုင်ရန် ဒေသခံပြည်သူများကိုမေးမြန်းရန် စသည့်အချက်များ ပါဝင်သည်။
မြေမြုပ်မိုင်းကြောင်း ပြည်သူများထိခိုက်နေသည့်အတွက် မြေမြုပ်များကို လက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အသုံးမပြုခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က နိရဉ္စရာ ရေဒီယို အစီအစဉ်ကို ကိုအမ်းသားကြီးက ယခုကဲ့သို့ ပြောသည်။
“မြေမြုပ်မိုင်းကြောင့် ရိုးသားတဲ့အရပ်သားပြည်သူတွေ စားဝတ်နေရေးအတွက် ရုံးကန်နေတဲ့အချိန်မှာ ဒီလိုမိုင်း ပေါက်ကွဲလို့ အသက်သေဆုံးတာ ကိုယ်လက်အင်္ဂါထိခိုက်တာတွေကို ကြားသိလို့ စိတ်မကောင်း ဖြစ်ရတာကတော့ အမှန်ပါ။ ဒါကြောင့် ဒီလိုပြည်သူတွေထိခိုက်မဲ့ မိုင်းတွေကို မထောင်တာက အကောင်းဆုံးပါ။ မြေမြုပ် မိုင်းကို လုံးဝမသုံးသင့်ဘူး။ အခုမိုင်းတွေက အရပ်သားတွေကို ထိခိုက်အောင်လုပ်နေတာနဲ့တူတယ် ” ဟု ပြောသည်။
ဇူလိုင်လအတွင်း ကျောက်တော်မြို့နယ် ဝက်မိုင်းရွာအနီးတွင်တစ်ကြိမ်၊ ဇူလိုင်လ ၃ ရက်နေ့က မင်းပြား မြို့ နယ် တိုင်းဗဟို (၉)အနီးတွင် တစ်ကြိမ်၊ ဇူလိုင်လ ၄ရက်နေ့က ကျောက်တော်မြို့နယ် မျာလီကန် ကျေးရွာ အနီးတွင် တစ်ကြိမ်၊ ဇူလိုင်လ ၈ ရက်နေ့က မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာအနီးတွင် တစ်ကြိမ်နှင့် ဇူလိုင်လ ၉ ရက်နေ့က အမ်းမြို့နယ် ကဇုကိုင်းကျေးရွာ အနီးတွင်ကြိမ် မြေမြုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုများကြောင်း ဒေသခံ အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ကလေးများအပါအဝင် အရပ်သားပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်ပွားသည့် နေရာများမှာ စစ်ကောင်စီတပ်က တပ်စွဲထားသည့်နေရာများနှင့် တိုက်ပွဲဖြစ် ပွားခဲ့သည့် နေရာများဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့က ထောင်ထားသော မိုင်းများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြည်သူများ ထိခိုက်မှုမရှိအောင် မြေမြုပ်မိုင်းများကို ရန်လင်းရန်လိုပြီး ပြည်သူများကိုလည်း မိုင်းနှင့် ပတ်သတ်သည့် အသိပညာပေးမှုများ လုပ်ပေးဖို့လိုသည်ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သူ ဦးခိုင်ကောင်းစံက ပြောသည်။
“အဓိကတော့ မြုပ်ထားခဲ့တဲ့ မိုင်းတွေကို ဘယ်နေရာမှာ မြုပ်ထားလဲ။ တခါတခါ မိုင်းမြုပ်ခဲ့တဲ့ သူတွေက လက်ရှိ တပ်ထဲမှာရှိနေသေလား ဆိုတာကလည်း အန္တရာယ်တစ်ခု ဖြစ်တယ်။ နောက်တခုက နှစ်ဘက်ညှိနိုင်းပြီး မြေမြုပ်မိုင်းတွေကို ရှင်းလင်းပေးဖို့လိုတယ်။ နောက်ပြီး ပြည်သူတွေကိုလည်း မိုင်းနဲ့ပတ်သတ်တဲ့ အသိပညာ ပေးမှုတွေ လုပ်ဖို့လိုသလို မိုင်းနဲ့ပတ်သတ်လို့ ရှောင်ရန် ဆောင်ရန်တွေကိုလည်း သိဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် မေလနှင့်ဇွန်လအတွင်းကလည်း ရခိုင်ပြည် အမ်း၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်များတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ၅ ဦသေဆုံးပြီး ၇ ဦးဒဏ်ရာရှိခဲ့သည်။
စစ်ကောင်စီတပ်က မြေမြုပ်များကို စည်းကမ်းမဲ့ထောင်ထားပြီး စွန့်ပစ်ထားခြင်းက ပြည်သူများ အသက် အန္တရာယ်ကို ထိခိုက်စေသည့်အပြင် ပြည်သူများ နိတဓူ၀ အသက်မွေးဝမ်းကျောင်းအတွက် သွားလာ လှုပ်ရှား မှုကိုလည်း အလွန်အန္တရာယ်ရှိသည်ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မကြာသေးမီက သတင်းမီဒီယာများကို ပြောဆိုထားသည်။ (NN-14)
https://www.facebook.com/narinjara.info/posts/5627980110547353