ရခိုင်ပြည်တွင်း ကားလမ်းတစ်ချို့ စစ်ဆေးရေးတင်းကြပ်ထားမှုအနည်းငယ်ဖြေလျှော့၊ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းပိတ်ထားမှု ၄ ပတ်ထိကြာမြင့်လာ

By Western News /2022 July 15

ရခိုင်ပြည်ရှိမြို့နယ်အသီးသီးသို့ သွားလာရေးကားလမ်းကြောင်းအချို့ရှိ စစ်ဆေးရေးတင်းကြပ်ထားမှုများမှာ လက်ရှိတွင် ယခင်ကထက် အနည်းငယ်လျှော့ပါးသွားသော်လည်း ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းပိတ်ထားမှု ၄ ပတ်ထိကြာမြင့်လာသည်ဟု ကားသမားများမှ တစ်ဆင့်သိရသည်။

ယခုကဲ့သို့စစ်ဆေးရေးအခြေအနေများ လျှော့ပါးသွားခြင်းမှာ ဇွန်လ နောက်ဆုံးပတ်အတွင်းက စစ်ဆေးရေး တစ်ကြိမ်တင်းကြပ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့လျှော့နည်းသွားခြင်းဖြစ်သည် ကားသမားတစ်ဦး ကပြောသည်။

“အရင်ကထက်ပိုလျှော့သွားတယ်။ အရင်ကထက်ဆိုတာက ဟိုလတုန်းက စစ်ဆေးရေးအရမ်းတင်းကြပ်ခဲ့တယ်လေ။ အဲ့ဒီတစ်ရက်နှစ်ရက် နောက်ပိုင်းကျတော့ ဟိုအရင်ကလောက် စစ်ဆေးမှုတွေမရှိတော့ဘဲ လျှော့သွားတယ်” ဟုပြောသည်။

စစ်ဆေးရေးတင်းကြပ်မှုအနည်းငယ်လျှော့ပါးသွားသည့် ကားလမ်းကြောင်းအချို့မှာမူ စစ်တွေမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်လမ်းကြောင်းများဖြစ်ပြီး ကျန် မင်းပြားမှ အမ်းဘက်အထိစစ်ဆေးရေးအခြေအနေတို့မှာမူပုံမှန်အတိုင်းသာရှိသည်ဟု ရန်ကုန်-စစ်တွေ Express ကားမောင်းနှင်သူတစ်ဦးကပြောသည်။

“မင်းပြားကနေ အမ်းဖက်ထိတော့ စစ်ဆေးရေးက အရင်အတိုင်းပုံမှန်ပါပဲ။ တိုးမလာသလို လျှော့လည်းလျှော့မသွားဘူး။ မှတ်ပုံတင် ပါမပါစစ်တယ်။ တစ်ခါတစ်ခါ အိတ်တွေ ဘာညာဖွင့်စစ်တယ်” ဟုပြောသည်။

ကားလမ်းကြောင်းတစ်ချို့ စစ်ဆေးရေးလျှော့ပါးသော်လည်းပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကြောင်းပိတ်ထားမှုမှာ ၄ ပတ်ကြာမြင့်သည်အထိရှိလာနေကာ ဒေသတွင်းနေသူများ အခက်ကြုံလျက်ရှိကြသည်။

အဆိုပါကားလမ်းကြောင်းပိတ်ထားမှုမှာ ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမှ စစ်ကောင်စီတပ်သား တစ်ဦးအား AA မှဖမ်းဆီးခဲ့ပြီးနောက်ပိုင်းဖြစ်သည်။

ထိုအဖြစ်အပျက်နည်းတူ စစ်တွေမြို့တွင်လည်း ဇွန် ၂၃ ရက်နေ့က ၃၅၄ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သားတစ်ဦးကို AA ကဖမ်းဆီးပြီးနောက် မြို့တွင်းမြို့ပြင် စစ်ဆေးရေးတင်းကြပ်ကာ ရေလမ်းကြောင်းများအားလည်း တစ်ပတ်ခန့်ကြာသည်အထိ ပိတ်ပင်ထားမှုရှိခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/563900842083091

Leave a Reply

Your email address will not be published.