ရခိုင်နှင့် မူဆလင် ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရန် AA က မူဆလင်အပြစ်သား ၈ ဦးကိုလွှတ်ပေးပြီး မူဆလင် ၄ဝဝ ကျော်အတွက် အဝတ်အထည်များထောက်ပံ့

By Narinjara /2022 July 11

ရခိုင်နှင့် မူဆလင်များအကြား ချစ်ကြည်ရင်းနှီးမှုပိုခိုင်မာလာစေရန်အတွက် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် မူဆလင်အပြစ်သား ၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး မူဆလင် ၄ဝဝ ကျော်အတွက် အဝတ်အထည်များကို ထောက်ပံ့လိုက်သည်ဟု သိရသည်။


“အခုလိုမျိုး မူဆလင် ၈ ယောက်ကို လွှတ်ပေးရတဲ့အကြောင်းရင်းကတော့ မူဆလင်တွေရဲ့ အခါကြီးနေ့ရက်တွေမှာ သူတို့မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပြန်ပြီးတော့ ဆုံဆည်းနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီရခိုင်နဲ့ မူဆလင်တွေကြားမှာ ချစ်ကြည်ရင်းနှီးမှုပိုပြီးတော့ ခိုင်မာလာစေဖို့အတွက်နေပြီးတော့ အလိုမျိုး လွှတ်ပေးတာ၊ အဝတ်အစားတွေထောက်ပံ့ပေးတာတွေကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်ဗျ”ဟု ပြောသည်။

ယခုလွှတ်ပေးလိုက်သည့် မူဆလင် ၈ ဦးမှာ ဘူးသီးတောင်မြို့နယ်မှဖြစ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့တာဝန်ရှိသူများက ယမန်နေ့တွင် ဘူးသီးတောင်မြို့နယ်ကအတွင်း အာလဖာ(၂) စစ်ဒေသ၌ မိသားစုများထံ အခမ်းအနားဖြင့် လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် “ကုရ်ဘာနီအီးဒ်” နေ့အထိမ်းအမှတ်အဖြစ် ဘူးသီးတောင်မြို့နယ်ရှိ မူဆလင်ကျေးရွာပေါင်း ၂၂ ရွာပေါင်းမှ ဆင်းရဲနွမ်းပါးသည့် အမျိုးသား၊ အမျိုးသမီး ၄၅ဝ ဦးအတွက်လည်း အဝတ်အထည်များကို AA က ယင်းအခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

အစ္စလာမ်ဘာသာဝင်များ၏ “ကုရ်ဘာနီအီးဒ်” ပွဲတော်သည် ယမန်နေ့ ဇူလိုင် ၁၀ ရက်တွင် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ထိုပွဲတော်သည် အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သည်။

ကုရ်ဘာနီအီးဒ်အဓိပ္ပာယ်မှာ “အသက်စွန့်လွှတ်ခြင်း”ဟု အဓိပ္ပာယ်ရပြီး တိရစ္ဆာန်များထဲမှ ကျွဲ၊ နွား၊ ဆိတ်၊ သစ်ကုလားအုတ်စသည်တို့ကို သတ်ဖြတ်ကာ အလှူအတန်း ပြုလုပ်ရသည်ဟု အစ္စလာမ်ဘာသာဝင်များက ပြောဆိုကြသည်။

https://www.facebook.com/narinjara.info/posts/5627662320579132

Leave a Reply

Your email address will not be published.