ရခိုင်ဒေသတွင် လာမည့် ရက်ပိုင်းအတွင်း မိုးကြီးနိုင်ကြောင်း မိုးဇလပြော

By DMG /2022 July 02

ပုံစာ – စစ်တွေ ပင်လယ်ပြင် တနေရာကိုတွေ့ရစဉ်။

ရခိုင်ပြည်ရှိ နေရာအသီးအသီးတွင် လာမည့် နောက် ၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ မိုးကြီးရခြင်းမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက်ဖြစ်ကာ ရေကြီးရေလျှံမှုများလည်းဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။

 “ မုတ်သုန်လေအားကောင်းလို့ မိုးကြီးနိုင်တာပါ။ မုန်တိုင်းတွေဘာတွေတော့ မရှိပါဘူး။ မိုးကြီးတော့ ချောင်းတွေ၊ မြောင်းတွေမှာ ရေလျှံတာ တွေတော့ရှိမယ်။ ဇူလိုင်လဆိုတာက မိုးရွာတဲ့အချိန်ပဲလေ။ ရခိုင်ကမ်းရိုးတန်းဒေသက ဒီလို မုတ်သုန်ရာသီဆို မိုးရွာတာများတာပေါ့။ မိုးကြီးရင်တော့ ပြည်သူတွေနဲ့ ရေကြီး၊ ရေလျှံနဲ့ပတ်သက်ပြီးတော့ သတိထားစေချင် တယ် ” ဟု ဦးလှထွန်းက ဆိုသည်။

ထိုသို့ ရေကြီးရေလျှံမှုများဖြစ်လာနိုင်သည့်အတွက် ရခိုင်ကမ်းရိုးတန်တွင် နေထိုင်သူတို့အနေဖြင့် သတိထားရမည်ဟုလည်း ဦးလှထွန်းက မှာကြားသည်။

ယင်းအပြင် နောက် ၂ ရက်အတွင်း ရခိုင်ပြည်အပါအဝင် ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန် စသည့် နေရာများတွင်လည်း ရာနှုန်းပြည့် မိုးရွာသွန်းမည်ဖြစ်ပြီး မိုးပိုကြီးနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုး တန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ဆိုသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းးအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပ င်လယ်ပြင်တို့ တွင် (၇) ပေမှ (၉) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၇) ပေခန့် ရှိနိုင်ကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2331750413644023

Leave a Reply

Your email address will not be published.