ရခိုင်တွင် ၃ ထပ်စာသင်ဆောင်များနှင့် ကျောင်းဆောင်အသစ် (၁၄၀) ကျော်အား စတင်ဆောက်လုပ်နေဟု ဆို

By Western News /2022 July 20

ရခိုင်က အခြေခံပညာစာသင်ကျောင်းများမှာ ဥပဒိရုပ်မကောင်းသည့်စာသင်ကျောင်းဆောင်များနှင့် အန္တရာယ်ရှိနေသည့်စာသင်ကျောင်းဆောင်များရှိနေသည့်အတွက် အဆိုပါကျောင်းဆောင်များအား ဖြိုဖျက်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်းမှာ ကျောင်းဆောင်သစ် ၁၄၀ ကျော်ကို အသစ်ပြန်လည် တည်ဆောက်ပေးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ် မြို့နယ် (၁၇) မြို့နယ်တွင်ရှိသည့် အ‌ခေခြခံပညာစာသင်ကျောင်းများတွင် တစ်ထပ်ကျောင်းဆောင်အသစ် (၁၄၀) ကို ယခုလမှစ၍ လုပ်ငန်းစတင်ပြုလုပ်ရန် ပြင်ဆင်နေပြီး စစ်တွေ နှင့်‌ ပေါက်တောမြို့နယ်များမှ အခြေခံပညာစာသင်ကျောင်းများတွင်လည်း (၂) ထပ် နှင့် (၃) ထပ် စာသင်ဆောင်အသစ်များအား ဆောက်လုပ်ရန် လုပ်ငန်းအကောင်အထည်ဖော်နေပြီဟု ဆိုသည်။

ရခိုင်ပြည်နယ် ပညာရေးမှူးဦးဘထွီးစိန် က” ၁ထပ်ကျောင်းဆောင်သစ် ၁၄၀ အတွက် တင်ဒါခေါ်ထားတာ အခုတင်ဒါဖွင့်ပြီးသွားပြီ။ မကြာခင်ကုမ္ပဏီတွေ နဲ စာချုပ်ချုပ်ပြီး ဒီလအတွင်း လုပ်ငန်းစတင် ဆောင်ရွက်ဖို့ လုပ်နေပြီ”ဟု ပြောသည်။

စစ်တွေမြို့တွင် အ.ထ.က (၁ )ကျောင်း အတွက် ၃ ထပ်ဆောင် တစ်ဆောင်နှင့် ၂ ထပ်ဆောင်တစ်‌ဆောင် ၊ အ.ထ.က (၄)ကျောင်း အတွက် (၃) ထပ်ဆောင်တစ်ဆောင်၊ အ.ထ.က(၂ )ကျောင်း အတွက် (၃) ထပ်ဆောင် တစ်ဆောင်၊အ.ထ.က (၃) နှင့် အ.ထ.က (၆) အတွက် (၂) ထပ်ဆောင် (၁) ဆောင်၊ မကျဉ်းမြိုင်အ.ထ.က (ခွဲ)ကျောင်း အတွက် (၃) ထပ်ဆောင် (၁) ဆောင်နှင့် ၊ ရူပမြောက်မူလတန်းကျောင်းအတွက်(၃) ထပ်ဆောင် စသည့် စာသင်ဆောင်အသစ်များအား ဆောက်လုပ်နေခြင်းဖြစ်ပြီးဖြစ်သည်။

၄င်းစာသင်ဆောင်များထဲတွင် အသစ်ပြန်လည်တည်ဆောက်ရသည့်ကျောင်းဆောင်များနှင့် တိုးချဲ့ဆောက်လုပ်သည့် ကျောင်းဆောင်သစ်များပါဝင်သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးဦးဘထွီးစိန် က ပြောသည်။

ကျောင်းဆောင်အဟောင်းများကို ဖြိုဖျက်ပြီး စာသင်ဆောင်အသစ်များပြန်လည် တည်ဆောက်နေသည့်အခြေခံပညာ ကျောင်းများတွင် စာသင်ခန်း အခက်အခဲများကြောင့် ကျောင်းတက်ချိန်ကို နှစ်သုတ်ခွဲပြီး စာသင်ကြားပေးနေကြရသည်။

ရခိုင်ပြည်နယ် ပညာရေးမှူးဦးဘထွီးစိန် က”တစ်ခြား ပြည်ထောင်စုက တင်ဒါခေါ်ပြီးဆောက်တဲ့ (၂) ထပ်ဆောင် (၃)ထပ်ဆောင်တွေကတော့ မြေနေရာရှင်းလင်းတာတွေ၊ ကျောင်‌ဟောင်းတွေကို ဖြိုဖျက်တာတွေလုပ်ပြီး ကျောင်းဆောင်သစ်တွေ စပြီးဆောက်နေကြပြီဖြစ်တယ်”ဟုပြောသည်။

မင်းပြားမြို့နယ် ကျောင်းအုပ်ဆရာကြီးတစ်ဦးက”၃ ထပ်စာသင်ဆောင်အသစ်ဆောက်လုပ်တာပဲဖြစ်ဖြစ်၊ ကျောင်းဆောင်အသစ် ဆောက်တာပဲဖြစ်ဖြစ် အရည်အသွေးမှီ အောင်တော့ ဆောက်လုပ်ဖို့ လိုတာပေါ့။ အခုက ဒီနှစ်ဆောက်တယ် နောက်နှစ် အမိုးအကာ အဆောင်တွေ ပြိုကျနေပြီ။ အဲ့ဒါတွေများနေတယ်။ အဲ့ဒါမဖြစ်သင့်ဘူး။ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကိုလည်း သေချာကြပ်မတ်ဖို့လိုတယ်လို့ပြောချင်တယ်” ဟုပြောသည်။

ယခု (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်တွင် အစိုးရသင်အခြေခံပညာစာသင်ကျောင်း (၃၁၈၈) ကျောင်း ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်း (၈၀) ကျောင်း နှင့် ကိုယ်ပိုင်စာသင်ကျောင်း (၅၀) ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ကျောင်းသူ (၄) သိန်း ဝန်းကျင် ပညာသင်ကြားနေကြသည်။

Western News- WN

https://www.facebook.com/westernnewsagency/posts/567289571744218

Leave a Reply

Your email address will not be published.