ရခိုင်တွင် ယခုနှစ်မိုးရေချိန်နည်းပါးမှု၊ စိုက်ပျိုးစရိတ်ကြီးမားမှုကြား လယ်ယာလုပ်သူများအကြပ်တွေ့

By Western News /2022 July 16

ရခိုင်ပြည်နယ်တွင် ယခု၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးကာလ၌ စိုက်ပျိုးစရိတ်များ ကြီးမားသည့်အပြင် မိုးရွာသွန်းမှုလည်း နည်းပါးလွန်းသည့်အတွက် လယ်ယာလုပ်ကိုင်သူ လယ်သမားများမှာ အကြပ်အတည်းကြုံလျှက်ရှိကြသည်။

မေလလောက်မှစ၍ လယ်ယာထွန်ယက်မှုတို့ကို စတင်ပြုလုပ်ကြရာလက်ရှိတွင်မိုးရွာသွန်းမှုမရှိသောကြောင့် ထွန်ယက်စိုက်ပျိူးနိုင်မှုမရှိသည့် လယ်ကွက်များလည်းရှိသကဲ့သို့ စိုက်ပျိုးထားသည့် လယ်ကွက်တို့မှစပါးပင်တို့မှာလည်း ပျက်စီးမှုတို့ဖြစ်နေကြောင်း မြောက်ဦးမြို့နယ်မှ လယ်သမား ဦးအေးကျော်က ပြောသည်။

“မြစ်ချောင်းနားကျတဲ့လယ်ကွက်တွေဆိုရင်တော့ မြစ်ရေအတက်အကျရှိတာကြောင့် ထွန်ယက်စိုက်ပျိုးလို့ရသေးတယ်။ ကုန်းပိုင်းလယ်ကွက်တွေကျတော့ ဘယ်လိုမှအဆင်မပြေဘူး။ ရှေ့ကထွန်သွားရင် နောက်ကဖုန်တွေထကျန်ခဲ့တာ။ စိုက်ပျိုးလို့ရတဲ့လယ်ကွက်တွေကျပြန်တော့လည်း မိုးရေမရတာကြောင့် စပါးပင်တွေက နီကြန့်၊ ဝါကြန့်နန့်အရောင်မျိုးစုံပါပဲ။ ဒီနှစ်စပါးအထွက်နှုန်းကိုထား စပါးပင်ရှင်သန်နိုင်ရေးတောင်မလွယ်လှပါဘူး” ဟုပြောသည်။

စပါးပင်များရှင်သန်နိုင်ရေး အားဖြည့်စာတစ်ခုဖြစ်သည့် မြေသြဇာအသုံးပြုနိုင်ရန်မှာလည်း ယခင်နှစ်များကဲ့သို့မလွယ်ကူကြောင်း လက်ရှိမြေသြဇာစျေးနှုန်းတို့မှာ ၈ သောင်းမှ ၁ သိန်းကျော်ခန့်အထိ အစားစားရှိပြီး လိုအပ်သလောက်ဝယ်ယူအသုံးပြုနိုင်ဖို့မဖြစ်နိုင်ဟု လယ်သမားများကြပြောဆိုကြသည်။

လယ်ယာများထွန်ယက်ရာတွင်လည်း စက်ဖြင့်သာထွန်ယက်ကြရာ ရေနံဆီစျေးမှာလည်း ကြီးမားပြီး ယခုရာသီဥတုအခြေအနေကြောင့် စပါးအထွက်နှုန်းကိုပါ စိုးရိမ်နေရသည်ဟု ကျော်တော်မြို့နယ် အမျက်တောင်ကျေးရွာမှ လယ်သမား ဦးလှမောင်ကျော်က ပြောသည်။

“အရင်တုန်းကရှိခဲ့တဲ့ နွားတွေက တိုက်ပွဲဖြစ်တုန်းက လူကိုယ်တိုင်တောင် စစ်ဘေးရှောင်စခန်းမှာနေရတာဆိုတော့ ထိန်းသိမ်းရအဆင်မပြေတာနဲ့ ရောင်းလိုက်ရတာတွေ လေလွင့်သွားတာတွေရှိတယ်။ အခုတော့စက်ကိုပဲ အားကိုထွန်ယက်နေရတာပေါ့။ ဒီကြားထဲ ရေနံစျေးတွေကခုန်တက်လာတာ အရင်နှစ်က တစ်ဂါလံ ၆၀၀၀ လောက်ရှိပေမယ့် အခုက ၁၀၀၀၀ ကျော်နေတယ်။ ရာသီဥတုကပါ အခြေအနေဆိုးနေတော့ စပါးအထွက်နှုန်းကိုတော့ စိုးရိမ်နေရပါသေးပါတယ်။ နောက်နှစ် လယ်ထပ်လုပ်ဖို့တောင် စိတ်မရှိတော့ဘူး” ဟုပြောသည်။

ယင်းအပြင် ကျေးရွာတစ်ချို့အနီးတွင် လက်ရှိအချိန်ထိ တပ်စခန်းချထားမှုတို့ ရှိနေသေးရာ ၎င်းနေရာအနီးတစ်ဝိုက်ရှိ လယ်ဧကများကိုလည်း ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိဟု အဆိုပါဒေသရှိ ကျေးရွာသားများကပြောသည်။

ယခုနှစ် မိုးရာသီစိုက်ပျိုးဧကများမှာ မိုးရေချိန်နည်းပါးမှုကြောင့် လယ်ယာများအပျက်အစီးရှိနေရာ အသားတင်စိုက်ပျိုးနိုင်သည့် ဧကအရေအတွက်ကို တွက်ချ၍မရနိုင်သေးကြောင်း ရခိုင်ပြည် တောင်သူလယ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောသည်။

“စိုက်ပျိုးနိုင်တဲ့ အသားတင် ဧကအရေအတွက်ကို ပြောလို့မရနိုင်သေးဘူး။ ဘာလို့ဆိုတော့ စိုက်ပျိုးထားပေမယ့် ဒီနှစ်ရာသီဥတုကြောင့် ပျက်စီးသွားတာတွေရှိတယ်။ စိုက်ပျိုးဖို့လျာထားပေမယ့် မိုးမရွာတာကြောင့် မစိုက်ပျိုးနိုင်တာတွေရှိနေတယ်” ဟုပြောသည်။

ရခိုင်ပြည်တွင် စိုက်ပျိုးမြေဧကပေါင်း ၁၁ သန်းကျော်ခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားသည့်ကာလတို့တွင် စိုက်ပျိုးနိုင်သည့် ဧက ၆ သောင်းကျော်ခန့်သာရှိခဲ့ပြီး တည်ငြိမ်နေသည့်အချိန်တွင် စိုက်ပျိုးဧကများတိုးလာသော်လည်း စိုက်ပျိုးစရိတ်ကြီးမားမှု၊ ကျေးရွာအနီး တပ်စခန်းတို့ရှိနေမှု၊ လက်ရှိရာသီဥတြအခြေအနေတို့ကြောင့် လယ်ယာများလုပ်ငန်းကို စွန့်ခွာသူများလည်း များပြားလာနေသည်။

https://www.facebook.com/westernnewsagency/posts/564516855354823

Leave a Reply

Your email address will not be published.