ရခိုင်တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက တီရှပ်အင်္ကျီများ စတင်ထုတ်လုပ်

By Narinjara /2022 July 08

ရခိုင်ပြည်နယ်တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက တီရှပ်အင်္ကျီများကို စတင်ထုတ်လုပ်နေပြီဟု သိရသည်။

မြောက်ဦးမြို့ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာဘုန်းကြီးကျောင်းရှိ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းမှ သင်တန်းသူများက ဇူလိုင်လအစောပိုင်းမှစတင်ကာ ထုတ်လုပ်နေခြင်းဖြစ်သည်။

ထိုသို့ချုပ်လုပ်နေသော တီရှပ်အင်္ကျီများကို ရခိုင်ပြည်စျေးကွက်ထိ ထိုးဖောက်ပြီး တင်ပို့ရောင်းချနိုင်ရန်ကြိုးစားနေပြီဟုလည်း သင်တန်းဆရာမ ဒေါ်လှမေကျော့က ပြောသည်။

“အခုက အစမ်းချုပ်ကြည့်တာပဲရှိပါသေးတယ်။ စျေးကွက်ထိတင်ရောင်းဖို့အတွက် ရန်ကုန်ကပိတ်စတွေမှာထားတယ်။ တီရှပ်သက်သက်ချည်းတော့ မဟုတ်ဘူး။ အမျိုးအစားမျိုးစုံထွက်မှာဆိုတော့ စျေးနှုန်းတွေလည်း အမျိုးမျိုးသတ်မှတ်ထားတယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ စျေးကွက်ကိုထိုးဖောက်ဖို့ထိ ရည်ရွယ်ထားတယ်။ ဒီလကုန်ရင် စျေးကွက်ထဲဝင်ဖို့အတွက် ရန်ကုန်ကနေ ပိတ်စတွေမှာပြီး ချုပ်လုပ်နေတယ်”ဟု ပြောသည်။

အဆိုပါတီရှပ်အင်္ကျီများကို ရခိုင်တစ်ပြည်နယ်လုံးရှိ စျေးကွက်သို့ တင်ပို့ရောင်းချသည့်အခါ ရခိုင်သားများက ပြည်တွင်းဖြစ်ကိုအားပေးဖို့ကို မျှော်လင့်ထားသည်ဟုလည်း သင်တန်းဆရာမ ဒေါ်လှမေကျော့က ဆက်ပြောသည်။

“ရခိုင်ကထုတ်တယ်ဆိုတော့ ရခိုင်သားတွေပဲ အဓိကဝယ်ယူအားပေးစေချင်တယ်” ဟု ပြောသည်။

ယခုထုတ်လုပ်နေသည့် တီရှပ်များကို အမျိုးသားဝတ်၊ အမျိုးသမီးဝတ်နှင့် ကလေးဝတ်များ စသည့် အရွယ်စုံဝတ်ဆင်နိုင်စေရန်ထုတ်လုပ်နေခြင်းဖြစ်သည်။

ရခိုင်ဒေသတွင် အထည်လုပ်ငန်းများ တွင်ကျယ်မှုမရှိဖြစ်နေချိန်၌ ယခုကဲ့သို့ တီရှပ်များကို ကိုယ်တိုင်ထုတ်လုပ်လာနိုင်၍ ဒေသအတွက် အကျိုးရှိသလို ဂုဏ်ယူစရာကောင်းသည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းက ပြောသည်။

“ရခိုင်မှာက အခုလို အထည်ထုတ်လုပ်ငန်းက သိပ်ပြီး တွင်တွင်ကျယ်ကျယ်မရှိဘူး။ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းကလုပ်နေတော့ ရခိုင်ပြည်အတွက် အကျိုးဖြစ်ထွန်းမှုတစ်ခုလို့မြင်တယ်။ ပိုဂုဏ်ယူတယ်”ဟု ပြောသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက ယခင်ကလည်း ကလေးဝတ်အင်္ကျီ၊ ကျောင်းဝတ်စုံ အဖြူအစိမ်းများ၊ ရခိုင်ဝတ်စုံများနှင့် နွေရာသီဝတ် စပန့်အင်္ကျီများကိုလည်း မြောက်ဦးမြို့စျေးကွက်တွင် ချုပ်လုပ်ရောင်းချခဲ့သည်ဟုလည်း သိရသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး စက်ချုပ်သင်တန်းများကို ၂၀၁၇ ခုနှစ်မှ စတင်ကာ ရခိုင်ရှိ မြို့နယ်အချို့တွင် အခမဲ့ဖွင့်လှစ်နေသည်ဟုလည်း သိရသည်။ (NN-12) (Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

https://www.facebook.com/narinjara.info/posts/5621016634577034

Leave a Reply

Your email address will not be published.