ရခိုင်တွင်ဖမ်းမိသည့် တရားမဝင်သစ်များထဲတွင် ပြည်မဘက်မှ သစ်များလည်းပါဝင်

By DMG /2022 July 15

ပုံစာ – ရခိုင်ပြည်နယ်သစ်တောရုံးမှ ဖမ်းဆီးရမိသည့် သစ်များအားတွေ့ရစဉ်။

ယခုနှစ် ရခိုင်ပြည်နယ်အတွင်း ဖမ်းမိသည့် တရားမဝင်သစ်များထဲတွင် ပဲခူး၊ မကွေး စသည့်ပြည်မဘက်မှ သစ်အများအပြားပါဝင်နေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၁၃ ရက်နေ့အထိ တရားမဝင်သစ်တန်ချိန်ပေါင်း ၁၈၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါသစ်များမှာ ရခိုင်ပြည်နယ်တစ်ခုတည်းမှ ခိုးထုတ်သည့်သစ်များမဟုတ်ဘဲ ရခိုင်နှင့်ဆက်စပ်နေသည့် တခြားပြည်မဒေသ ပဲခူးရိုးမနှင့် မင်းဘူးတို့မှ ရခိုင်ပြည်နယ်ဘက်သို့ သယ်ဆောင်လာသည့် တရားမဝင်သစ်များလည်းပါဝင်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

“သစ်ခိုးမှုတွေအများစုကတော့ ဆက်စပ်ပြည်နယ်တွေပေါ့နော်။ အဲဒီပြည်နယ်တွေထဲက လာတာလည်းရှိတယ်။ ရခိုင်ပြည်နယ်မှာ မခိုးဘူးတော့ မဟုတ်ဘူး။ သစ်တွေက တခြားပဲခူးရိုးမက လာတာတွေရှိတယ်။ နောက်တစ်ခါ မင်းဘူးတို့ဘာတို့ အဲဒီဘက်တွေက လာတာတွေလည်းရှိတယ်။ အဲဒီဘက်ကလာတဲ့သစ်တွေကို ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ပမာဏာကများတယ်”ဟု ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်ကဆိုသည်။

သို့သော် ပြည်မဘက်မှ တရားမဝင် သစ်တန်ချိန်စုစုပေါင်းနှင့် အသေးစိတ်အချက်အလက်များကို စာရင်းပြုစုနေဆဲဖြစ်ကြောင်းသိရသည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ် တရားမဝင်သစ်ဖမ်းဆီးရရှိမှုမှာ ဇန်နဝါရီလတွင် ၄၉၅ ဒသမ ၄၅၄၅ တန်၊ ဖေဖော်ဝါရီလတွင် ၅၃၄ ဒသမ ၇၇၅၉ တန်၊ မတ်လတွင် ၂၅၄ ဒသမ ၀၄၁၂ တန်၊ ဧပြီလတွင် ၁၇၃ ဒသမ ၇၁၅၀ တန်၊ မေလတွင် ၂၆၃ ဒသမ ၇၄၉၆ တန်၊ ဇွန်လတွင် ၃၉ ဒသမ ၄၁၄၀ တန်နှင့် ဇူလိုင်လအတွင်း ၅၆ ဒသမ ၁၅၀၂ တန်တို့ဖြစ်ပြီး အများစုမှာ ရေလမ်းကြောင်းတွင်ဖမ်းဆီးရမိခြင်းဟုလည်း ပြည်နယ်သစ်တောဦးစီးဌာန မှ သိရသည်။

ထိုသို့ဖမ်းဆီးခံရမိသည့် အချိန်(၆)လကျော်အတွင်း သစ်တန်ချိန်စုစုပေါင်း ၁၈၁၈ ဒသမ ၁၁၄၄ တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အမှုပေါင်း ၂၂၆ မှုဖြစ်ပွားခဲ့ကာ တရားခံစုစုပေါင်း ၁၁၁ ဦးရှိကြောင်း အဆိုပါဌာနမှသိရသည်။

ထို့အပြင် ရခိုင်တွင် သစ်ဖမ်းဆီးရမိသည့်နေရာများမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့ဖြစ်ပြီး ဖမ်းဆီးရမိသည့် သစ်အမျိုးအစားမှာ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသောသစ်များဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

“လုံခြုံရေးအားကောင်းရင်တော့ ကျွန်တော်တို့ဌာနအနေနဲ့ ပိုပြီးတော့ ဖမ်းနိုင်မှာပေါ့။ ကျွန်တော်တို့ဝန်ထမ်းတွေမှာ အဓိက လုံခြုံရေးအားမကောင်းဘူးလေ။ ဒီဟာတွေကို ဖမ်းနိုင်တာကလည်း တပ်မတော်ရဲ့အင်အား၊ ရဲတပ်ဖွဲ့ရဲ့အင်အားနဲ့ ပြည်သူအာဏာပိုင်တွေအင်အားတွေကြောင့် ဖမ်းနိုင်တာလို့ ပြောလို့ရပါတယ်”ဟု ဦးဇော်ဇော်အောင်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဒီရေတောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရန် သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိရာ ဒီရေတောကြိုးဝိုင်း(၃)ခု၏ ခန့်မှန်းဧရိယာ ဧက (၃၀၀၀၀)ခန့် ကြိုးပြင်ကာကွယ်တော (၇)ခု၏ ခန့်မှန်းဧရိယာ (၇၁၅၀၀၀)ဧကခန့်ရှိကြောင်းလည်း မှတ်တမ်းများအရသိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ အိမ်နီးရှင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှုဧရိယများ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျှော့ကျသွားခဲ့ကြောင်းလည်း သစ်တောမှတ်တမ်းများအရ သိရသည်။

# R007

https://www.facebook.com/dmgnewsagency/posts/2342211312597933

Leave a Reply

Your email address will not be published.