ရခိုင်စစ်ရေးတင်းမာမှု လျော့ပါးစေလိုကြောင်း ရခိုင့်ဦးဆောင်ပါတီထုတ်ပြန် 

By Voice Of Westland/2022 July 11

ရခိုင်မှာ နှစ်ဖက်စစ်ရေးတင်းမာမှု လျော့ပါးစေလိုကြောင်း ရခိုင့်ဦးဆောင်ပါတီ AFP က ဒီကနေ့ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်(၆) ဦးကျဆုံးခဲ့ရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ကနဦးဖော်ပြထားပါတယ်။

အခုလိုမိုးရာသီကာလဟာ လယ်သမားတွေရဲ့လယ်ယာလုပ်ငန်းခွင်ဝင်ချိန်ဖြစ်ပြီး စစ်ဒဏ်ခံရခိုင်ဒေသရဲ့ စားနပ်ရိက္ခာလုံခြုံမှုအတွက် စစ်ပွဲရဲ့ထိခိုက်မှုကို မခံရဘဲ လယ်ယာလုပ်ငန်းများကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင်ရန် လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်မဖြစ်စေရေးအတွက် နှစ်ဘက်တင်းမာမှုတွေ လျှော့ချနိုင်တဲ့ နည်းလမ်းတွေနဲ့ အပြန်အလှန် ချဉ်းကပ်ကြဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“အပြန်အလှန် ဖမ်းဆီးမှုများအား ရပ်တန့်ခြင်း၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ခြင်း၊ အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ စွဲဆိုမှုရပ်တန့်ကာ ပြန်လွှတ်ပေးခြင်းတို့အား လုပ်ဆောင်ကြလျက် တင်းမာမှုကို လျော့ပါးစေလိုပါသည်။ မိုင်း နှင့် စစ်လက်ကျန်ပစ္စည်းများ ရှင်းလင်းရေးကဏ္ဍအား အရှိန်ရအောင်လည်း သက်ဆိုင်သူများက ပါဝင်ကြစေလိုပါသည်” လို့ AFP ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နောက်ပြီးတော့ အများပြည်သူ ကုန်သွယ်နေတဲ့လမ်းတွေကို လုံခြုံရေးဂိတ်တွေမှာ ပိတ်ဆို့ပြီး ကြန့်ကြာစေအောင် မဖန်တီးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ တာရှည်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် – လတ်တလော ယာယီတည်ငြိမ်မှု ပုံစံတစ်မျိုးမျိုးမှသည် ဂုဏ်သိက္ခာရှိရှိ သာယာဝပြောသည့် လူ့အဖွဲ့အစည်းများအဖြစ်သို့ ပြန်လည် တည်ဆောက်သွားနိုင်ရေး ဟူသည့် ပန်းတိုင်အလို့ငှာ ရန်ဘက်တိုက်ပွဲဝင်အုပ်စုများအကြား “နိုင်ငံရေး သဘောတူညီချက်”များ တည်ဆောက်နိုင်ရေးမှာ ဖြတ်သန်းရမည့် လုပ်ငန်းစဉ်အဆင့်တစ်ရပ် ဖြစ်တယ်” လို့ AFP က ထုတ်ပြန်တိုက်တွန်းထားပါတယ်။

https://www.facebook.com/VOW2ppl/posts/178285871257465

Leave a Reply

Your email address will not be published.