ရခိုင်က မိုင်းထိလူနာအများစု စစ်ကောင်စီပေးနေတဲ့ ထောက်ပံ့ကြေးမရ

By Border News Agency/2022 July 16

(ဓာတ်ပုံ-ပုဏ္ဏားကျွန်းမြို့နယ်မှမိုင်းထိလူနာတစ်ဦးအား ၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ ၅ ရက်နေ့က စစ်တွေဆေးရုံသို့ယူဆောင်လာစဥ်/BNA)

အာဏာသိမ်းစစ်ကောင်စီရဲ့လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ မိုင်းထိမှန်သူတွေကို တစ်ဦးလျှင်ငွေကျပ်နှစ်သိန်းကျစီထောက်ပံ့ပေးတယ်လို့ပြောပေမယ့် လက်တွေ့ မှာတော့ ရခိုင်ပြည်နယ်အတွင်းက မိုင်းထိသူတွေဟာ အဲဒီထောက်ပံ့ကြေးကို မရကြဘူးလို့ ဆိုကြပါတယ်။

စစ်ကောင်စီရဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနဲအာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန(ARMAC)တို့ တွေ့ဆုံပွဲမှာ ဒေါက်တာသက်သက်ခိုင်က အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။

အစိုးရအနေနဲ့မိုင်းထိပြည်သူတွေကို ပြီးခဲ့တဲ့ ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်က တည်းက ထောက်ပံ့ပေးလာခဲ့တာဖြစ်ပြီး လက်ရှိမှာမိုင်းထိသူပေါင်း ၆၉၂ ဦး ထောက်ပံ့ပြီးဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့အဲဒီထောက်ပံ့ကြေးကို မရကြဘူးလို့ ရခိုင်ပြည် နယ်အတွင်းက မိုင်းထိလူနာတွေကို ကူညီပေးနေတဲ့အရပ်ဖက်အဖွဲ့အစည်တွေနဲ့ ကာယကံရှင်မိုင်းထိမှန်ခဲ့သူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာ လတ်တလောနှစ်ပတ်အတွင်း မိုင်းထိမှန်လို့ သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၅ ဦးရှိခဲ့ပါတယ်။

အဲဒီထဲက အများစုကို “အစိုးရရဲ့ထောက်ပံ့မှုတစ်စုံ တစ်ရာရပြီလား။”လို့ BNA ကမေးမြန်းကြည့်တဲ့အခါမှာ မရ‌ကြဘူးလို့ ဆိုကြပါတယ်။

“ICRC က ရပါတယ်။အစိုးရဆီက ပေးတာမရှိဘူး။” လို့ ရွာအနီးမိုင်းထိမှန်လို့ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ပေါင်းတုတ်ရွာမှ မိုင်းထိလူနာရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အဲဒီပြင် ရခိုင်မှာတိုက်ပွဲတွေပြင်းထန်းခဲ့တုန်းကမိုင်းကြောင်း သေဆုံး၊ဒဏ်ရာ ရသူအများစုဟာလည်း အစိုးရရဲ့ထောက်ပ့ကြေးတစ်စုံတစ်ရာမရခဲ့ကြဘူး လို့ပြောကြပါတယ်။

“အစိုးရဆီက ဘာအကူအညီမှမရခဲ့ဘူး။”လို့ စစ်တွေမြို့မှာ လပေါင်းများစွာကြာ တဲ့အထိ နေထိုင်ဆေးကုနေခဲ့ရတဲ့ မိုင်းထိလူနာတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မိုင်းထိမှန်လို့ သေဆုံး၊ဒဏ်ရာရသူတွေဟာ ICRC လို နိုင်ငံတကာကူညီရေးအဖွဲ့တွေ၊ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိလိက အလှူရှင်တွေရဲ့အထောက်အပံ့ကိုပဲ အားကိုးနေခဲ့ကြရတာဖြစ်တယ်လို့ မိုင်းထိ လူနာတွေကိုကူညီပေးခဲ့တဲ့ ခမီအင်အားစုဖောင်ဒေးရှင်းဒါရိုက်တာ ဦးရွှေဘော်စိန်က ပြောပါတယ်။

အစိုးရရဲ့ လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ မိုင်းထိလူနာတွေကို ထောက်ပံ့ပေး တာရှိကောင်းရှိနိုင်ပေမယ့် မိုင်းထိသူတိုင်းဟာ အဲဒီထောက်ပံ့ကြေးကို အပြည့် အ၀မရကြဘဲ ထက်ဝက်လောက်ကပဲရတာဖြစ်နိုင်တယ်လို့ ၎င်းက ခန့်မှန်းပါ တယ်။

“ဆေးရုံကို ရောက်လာလို့ သွားပြီးအကြောင်းကြားပေးမှရတာမျိုးပါ။လူတိုင်းကို ပေးတဲ့အနေအထားက မတွေ့ရဘူး။”လို့ ဦးရွှေဘော်စိန်က ပြောပါတယ်။

အစိုးရက အထောက်အပံ့ပေးတဲ့အဲဒီငွေကျပ်နှစ်သိန်းဟာ မိုင်းထိလူနာ တစ် ယောက်ဆေးကုသစရိတ်အတွက်ပင် လုံလောက်တဲ့ထောက်ပံ့ငွေ မဟုတ်ဘူးလို့ ၎င်းက ထောက်ပြပါတယ်။

မိုင်းထိသူတွေကို ပြန်လည်ထူထောင်ရေးအတွက် စနစ်တကျအစီအမံတွေ ရေးဆွဲပြီး ထောက်ပံ့ကူညီပေးဖို့လိုတယ်လို့ ရခိုင်ဒေသတွင်း အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ထောက်ပြတောင်းဆိုကြပါတယ်။

“အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ဘယ်မြို့နယ်ကဘယ်မိသားစု ဘယ်လောက်လောက်ကို ဘယ်လိုပုံစံနဲ့ ထူထောင်ပေးလိုက်တယ်ဆိုတာ ဒီနေ့ အချိန်အထိမရှိသေးတဲ့အတွက် ဒီဟာက အမှန်တကယ်ထောက်ပံ့ ကူညီပေးတဲ့ ကဏ္ဍတစ်ခုအနေနဲ့ သွားတာမဟုတ်ဘူးလို့ ယူဆပါတယ်။”လို့ ဦးရွှေဘော်စိန်က ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း မိုင်းနဲ့စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ပေါင်း ၅၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူပေါင်း ၁၅၀ နီးပါးရှိခဲ့တယ်လို့ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကူညီပေးနေသူတွေရဲ့ အချက်အလက်တွေက ဆိုပါတယ်။

အဲဒီဒဏ်ရာရသူတွေထဲက ၈၀ ကျော်ဟာ ခြေပြတ်၊လက်ပြတ်ဖြစ်သွားကြရ တယ်လို့ ပြောကြပါတယ်။

#BNA#ရခိုင်#စစ်ပွဲ#မိုင်းထိလူနာ#ထောက်ပံ့ကြေး#အကူအညီ#

https://www.facebook.com/permalink.php?story_fbid=181254607650187&id=107469705028678

Leave a Reply

Your email address will not be published.