မြောက်ဦးမြို့နယ်၊ ပလောင်တောကျေးရွာအနီး မိုင်းပေါက်ကွဲပြီး မွတ်ဆလင် ကလေး ၄ ယောက်ဒဏ်ရာရ ၂ ကို ဆေးရုံပို့ထားရ

By Voice Of Westland/2022 July 08

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ပလောင်တော ကျေးရွာအနားမှာ ဒီကနေ့ ဇူလိုင်လ ၈ ရက်၊နေ့လည် ၁ နာရီလောက်က မိုင်းပေါက်ကွဲပြီး၊ မွတ်ဆလင် လူငယ် ၄ ယောက် ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီအထဲက ၂ ယောက်မှာ ဒဏ်ရာပြင်းထန်ရရှိသွားတဲ့အတွက် မြောင်းဘွေဆေးရုံးကို ပို့ဆောင်လိုက်ရတယ်လို့ ဆေးရုံကိုရောက်ရှိနေတဲ့ မြောက်ဦးလူငယ်အစည်းအရုံးက အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“ပလောင်တောရွာ အနောက်ဖက်က စားကျက်ကွင်းအနီးက တောင်မှာ နွားကျောင်းသွားတဲ့အခါ မိုင်းပေါက်လို့ မွတ်ဆလင် ကလေး ၄ ယောက်မှာ ၂ ယောက် ဒဏ်ရာရသွားပါတယ်။ အသက် ၁၅ နှစ်အရွယ်တစ်ယောက်မှာ ညာဖက်ခြေတောက် ခြေကျင်းဝတ် ပြတ်ထွက်သွားပါတယ်။ ဘယ်ခြေထောက် ပွင့်ထွက်သွားတယ်။ ၁၂ နှစ်အရွယ် ဝမ်းဗိုက်ပေါက်ထွက်သွားပြီး၊မျက်နှာ၊လက်မောင်း ဒဏ်ရာရသွားတယ်”လို့ သူက ပြောပါတယ်။

ဒဏ်ရာရရှိသွားသူမှာ မူချေအာရ် အသက် ၁၅ နှစ်၊မာမောက်ဆာဒဲ အသက် ၁၂ နှစ်တို့ဖြစ်ပြီး၊ပလောင်တောကျေးရွာအနောက်ဖက် စားကျက်ကွင်းမှာ နွားကျောင်းဖို့ သွားနေတဲ့အချိန် မိုင်းပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်းစွာ ရရှိသွားကြတာဖြစ်ပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ယောက်မှာ ညာဖက်ခြေတောက် ခြေကျင်းဝတ် ပြတ်ထွက်သွားပြီး၊၁၂ နှစ်အရွယ် လူငယ်တစ်ယောက်မှာ ဝမ်းဗိုက် ပေါက်ထွက်သွားတယ်လို့ မြောင်းဘွေ လူငယ်အစည်းအရုံး အဖွဲ့ဝင်တစ်ယောက်က VOW ကို ပြောပါတယ်။

အဲဒီမိုင်းပေါက်ကွဲတဲ့ နေရာအနီးမှာ မြန်မာစစ်တပ်ရဲ့ ၃၇၇၊၃၇၈ တပ်ရင်း၊တပ်စွဲနေထိုင်တာ ရှိပြီး၊အဲဒီတပ်ရင်းရဲ့ အရှေ့ဖက်က တောင်ကုန်းမှာ မိုင်းပေါက်ကွဲတာဖြစ်တယ်လို့ သူကဆက်လက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ကျောက်တော်မြို့နယ်၊ဝက်မှိုင်းကျေးရွာကြားမှာ နွားကျောင်းသွားတဲ့ ဒေသခံ ၁ ယောက် မိုင်းပေါက်ကွဲပြီး ဒဏ်ရာ ပြင်းထန်ကာ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ်အတွင်း သေဆုံးသွားပါတယ်။

နောက်ပြီး ဇူလိုင်လ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်မှာ မျှစ်ချိုးရန်သွားတဲ့ ဒေသခံတစ်ယောက် မိုင်းထိမှန်ပြီး ဘယ်ခြေတောက်တစ်ဖက် ပြတ်ထွက်သွားပြီး၊ဇူလိုင်လ ၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှာ မျာလီကန် ကျေးရွာအနီး နွားကျောင်းနေစဉ် မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်တဲ့အတွက် အပေါက်ဝဆေးရုံမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်တာ မရှိပေမယ့်လည်း မကြာခဏဆိုသလို မိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံပြည်သူတွေ အသက်သေဆုံးတာ၊ဒဏ်ရာ ရရှိတာတွေ ဖြစ်ပေါ်လျက်ရှိနေတာဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/177697627982956

Leave a Reply

Your email address will not be published.