မြောက်ဦးတွင် မြေနေရာအခက်ခဲကြောင့် ကျူးကျော်များကိုဖယ်ရှားနိုင်မှုမရှိသေး

By Western News /2022 July 13

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဥ်ကျေးမှုမြို့တစ်ခုဖြစ်သည့် မြောက်ဦးဒေသကို ယူနီစကိုဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာ ဒေသတွင်း ရှေးဟောင်းဧရိယာထဲရှိ ကျူးကျော်များကို ဖယ်ရှားနိုင်ရေးမှာလည်း အဓိကအနေအထားတွင်ရှိနေခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်းက ကျူးကျော်မြေနေရာများကို စာရင်းစတင်ကောက်ယူရန် မြောက်ဦးရှေးဟောင်း သုတေသနဌာနမှ စီစဥ်မှုရှိခဲ့ပြီး ထိုအထဲမှာ ဆင်းရဲနွမ်းပါးသည့်ကျူးများကို အဓိကထားမြေနေရာပေးရန်ကိုလည်း စီစဥ်မှုရှိခဲ့သည်။

အဆိုပါစာရင်းကောက်ယူမည့်ကိစ္စမှာ လက်ရှိတွင် မြေနေရာအခက်ခဲတို့ကြောင့် အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိသေးဟု မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှုးဦးကြည်ခင်ကပြောသည်။

“ကျူးကျော်တွေကိစ္စက လုပ်ဆောင်နိုင်မှုမရှိသေးပါဘူး။ အဓိကကတော့မြေနေရာအခက်ခဲကြောင့်ပါ။ အခုသူတို့တွေနေထိုင်နေတဲ့နေရာက ကျူးထားတာဆိုပေမယ့် လမ်းတွေလည်းရှိတယ်။ လျှပ်စစ်မီးတွေလည်းရနေတယ်။ ကျနော်တို့ချပေးနိုင်မယ့်နေရာက လယ်ကွင်းပြင်ကြီးတွေ။ အဲ့နေရာကိုဘယ်သူမှပြောင်းချင်ကြမှာမဟုတ်ဘူး။ အတင်းလုပ်ယူဖို့ဆိုတာကလည်း ဆူပူမှုတွေဖြစ်လာမှာကိုလည်း စိုးရိမ်ရပါတယ်။ ဒါတွေဟာ အားလုံးပူပေါင်းလုပ်ဆောင်မှ အဆင်ပြေမယ့်ကိစ္စတွေပါ” ဟုပြောသည်။

မြောက်ဦးဒေသကို ယူနီစကိုဝင်ရောက်ရေး အဆိုပြုလွှာတင်သွင်းထားပြီး ယူနီစကိုဆိုင်ရာပညာရှင်များက ကွင်းဆင်းစီစစ်မည့်အချိန်မှာနီးကပ်နေပြီဖြစ်သော်လည်း ဒေသတွင်း အဓိကပြဿနာတစ်ခုဖြစ်သည့် ရှေးဟောင်းဧရိယာများတွင် အလွှာပေါင်းစုံမှ လူတန်းစားအသီးသီး၏ ကျုးကျော်အဆောက်အဦများအား ဖယ်ရှားနိုင်မှုမရှိသေးပေ။

လူမှုရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်မြောက်ဦးဒေသခံ ကိုဇော်ထွန်းက မြောက်ဦးယူနီစကိုဝင်ရေးကို အလေးထားဆောင်ရွက်မည်ဆိုပါက အစိုးရနှင့် စစ်တပ်ကျူးများကိုလည်း ဖယ်ရှားသင့်သည်ဟု ထောက်ပြပြောဆိုသည်။

မြောက်ဦးတွင် အစိုးရကျူးများအနေဖြင့် နန်းတော်ရာကုန်းဝန်းကျင်တွင်အများဆုံးရှိနေပြီး စစ်တပ်ကျူးများအနေဖြင့် သမိုင်းဝင်စေတီပုထိုးများ၊ ကုန်တိုက်နေရာများအနီးတွင် ရှိနေခြင်းဖြစ်ကာ တစ်ခြား ကျုံး၊ မြောင်း စသည့်နေရာအသီးသီးတွင်လည်း ကျူးကျော်နေအိမ်၊ စီးပွားရေးအဆောက်အအုံများစွာ ပြန့်ကြဲလျက်ရှိသည်။

မြောက်ဦးဒေသသည် ယူနီစကို ဝင်ရောက်ရန် အဆိုပြုလွှာတင်သွင်းထားပြီဖြစ်ပြီး လက်ရှိတွင် ဒေသတွင်း ရှေးဟောင်းနယ်မြေအတွင်းရှိ လူတန်းစားပေါင်းစုံ၏ ကျူးကျော်မှုပြဿနာ၊ စနစ်တကျစွန့်ပစ်မှုမရှိသည့်အမှိုက်ပြဿနာ၊ ချောင်းမြောင်း၊ ကျုံးတို့အားမြေဖို့၍ နေရာယူမှုပြဿနာများဖြင့် ရောထွေးလျှက်ရှိသည်။

မြောက်ဦးဒေသမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်နိုင်ရေးအတွက် တစ်ဖက်တွင်ကြိုပမ်းလုပ်ဆောင်နေကြသော်လည်း အခြားတစ်ဖက်တွင် မြို့တွင်း လူနေထိုင်မှုရှိနေခြင်းတို့ကြောင့် ရှေးဟောင်းနယ်နိမိတ်အတွင်း မြေနေရာ တူးဖော်မှုများ၊ ကျူးကျော်နေရာယူထားမှုများ၊ မြို့ရိုးတံတိုင်းများထက်တွင် အဆောက်အဦးဆောက် လုပ်မှုများ၊ ကျုံးများအား မြေဖို့၍ နေရာယူနေထိုင်မှုတို့ကို ကျယ်ပြန့်စွာလုပ်ဆောင်နေ ကြခြင်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/562502485556260

Leave a Reply

Your email address will not be published.