မြောက်ဦးတွင် ဖမ်းဆီးခံရသူများ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရကြောင်း မိသားစုဝင်များပြော

By Western News /2022 July 20

ဓာတ်ပုံ-မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်သည်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ဦး ခမရ ၃၇၇ တပ်ရင်း၏ စစ်ကြောရေးစခန်းတွင် ရိုက်နှက်ခံရမှုကြောင့်အရပ်သား၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ နားကန်းသွားသည့်အထိ နှိပ်စက်ခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က တိမ်ညိုကျေးရွာမှ ကိုပြည့်စုံဝင်း အသက် ၃၆ နှစ် သည် မြောက်ဦးမြို့နယ်၊ မြက်ရိပ်ကျွန်းသို့ ဟင်းဝယ်ရန် HIJET ကား အဖြူရောင်တစ်စီးဖြင့် သွားရောက်စဉ် အလယ်စျေးတံတားနားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နောက်တစ်ဦးဖြစ်သည့် ဗန္ဓုလရပ်ကွက်မှ အသက် ၂၂ အရွယ်ရှိ ကိုကိုညွန့် မှာလည်း ဇွန် ၂၂ ရက်နေ့က အလယ်စျေးတံတားနားတွင် ဘေးတွဲဆိုင်ကယ်မောင်းနှင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိမြောက်ဦးခရိုင် ရဲစခန်းတွင် ထိန်းသိမ်းခံထားရသော တိမ်ညိုကျေးရွာမှ ကိုပြည့်စုံဝင်းနှင့် ဗန္ုလလရပ်ကွက်မှ ကိုကိုညွန့် တို့သည် စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။ ၄င်းတို့နှစ်ဦးထဲမှ ကိုပြည့်စုံဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နားမကြားအောင်ထိ ဖမ်းဆီးနှိပ်စက်ထားသည်ဟု ဇနီးဖြစ်သူ မလှဘုက ပြောသည်။

“သူကတော့ တအား ရိုက်နှက်ခံရတယ်လို့ပြောတယ်။ အဲတုန်းကဆိုလို့ရှိရင် နားတွေတောင် မကြားဘူးလို့ပြောတယ်။ ဖမ်းတဲ့အချိန်မှာ ၅၄၀ တပ်ကဖမ်းပြီးတော့ (၃၇၇) တပ်ရင်းကို ယူသွားတယ်လို့ပြောတယ်။ ရိုက်နှက်ခံရတာက (၃၇၇) တပ်ရင်းမှာ ရိုက်နှက်ခံရတာလို့ပြောတယ်။ ၂ ရက် ၃ ရက်လောက်ကတော့ နားလုံးဝမကြားလို့ပြောတယ်။ နောက်မှ ဖြည်းဖြည်းချင်း ပြန်ကြားလာတယ်လို့ပြောတယ်။ အခုလည်း သူကို စကားတိုးတိုးပြောလို့မကြားဘူး။ နည်းနည်းအော်ပြောမှ ကြားတယ်”ဟု ပြောသည်။

လက်ရှိတွင် ကိုပြည့်စုံဝင်း ပိုင်ဆိုင်သော ကားကိုလည်း မြောက်ဦး ခမရ ၅၄၀ တပ်ရင်းသို့ ယူဆောင်သွားကြောင်းဇနီးဖြစ်သူက ဆက်ပြောသည်။

ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်အား ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အဖြစ် အတင်းအဓမ္မဝန်ခံခိုင်းပြီး ရိုက်နှက်မှုများကို ပြုလုပ်ခဲ့သည်ဟု သူ၏ဖခင် ဦးကျော်ညွန့် က ပြောသည်။

“အဲနေ့က ကိုကိုညွန့်က ဘုန်းတော်ကြီးကျောင်းကို မုန့်ကပ်ဖို့သွားတယ်။ သူပြန်လာတဲ့အချိန်မှာ အဖမ်းခံရတာပါ။ အခုကတော့ နေကောင်းပါတယ်။ စစ်ကြောရေးမှာ ရှိတဲ့အချိန်တုန်းကတော့ သိတဲ့အတိုင်းပဲ။ AA ကလို့ ဝန်မခံသရွေ့ ရိုက်နှက်နေတာပဲ။ သူ့ဖုန်းထဲမှာတော့ အွန်လိုင်းမှာတက်လာတဲ့ AA ယူနီဖောင်းဝတ်ထားတဲ့ လူတစ်ယောက်ရဲ့ ဓာတ်ပုံကို သိမ်းထားတယ်လို့ပြောတယ်။ အဲဒါကိုကြည့်ပြီးတော့ ဒါမင်းမဟုတ်ဘူးလားဆိုပြီးတော့ တအားနှိပ်စက်တယ်လို့ပြောတယ်”ဟု ပြောသည်။

၄င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က မြောက်ဦးခရိုင်ရဲစခန်းသို့ ရောက်ရှိလာပြီး ၁၅ ရက်နေ့တွင် နိုင်ငံတော်ဆူပူလှုံဆော်မှု ၅၀၅ – က ဖြင့် ရုံးတင် ရမန်ယူခဲ့ကာ လာမည့် ၂၂ ရက်နေ့သို့ ထပ်မံရုံးချိန်းထားကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသဖြင့် ရန်ကုန်တွင် ဆေးကုသမှုခံနေရကြောင်း သိရှိရသည်။

မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး တရားစွဲဆိုခံထားရသူ ၈ ဦးခန့်ရှိကြောင်း သိရပြီး တခြားလူများ၏ အခြေအနေများကို Western News မှ စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ ဇူလိုင် ၂၀ ရက်နေ့ နံနက်ကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသား ၃ ဦးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားသလို့ ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှ ဒေသခံနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက်တွေ့လာရသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြဖို့ ထုတ်ပြန်ထားရာ စစ်ကောင်စီဖက်မှလည်း ယခင်ကထက်ပိုမို စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများကို ပိုလိုလုပ်ဆောင်လာနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် ၂၀ ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သာ ၂ ဦး၊ ဇူလိုင် (၁၇)ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဉ်များအတွင်းတွင် စစ်ကောင်စီဖက်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များမှ အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးပြီး နိုင်ငံတော် ဆူပူလှုံဆော်မှုပုဒ်မများဖြင့် တရားစွဲဆိုထားသည်။ ဖမ်းဆီးခံထားရသူများမှ တချို့ကိုလည်း ဥပဒေမဲ့ နှိပ်စက်ထားကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မှ မြို့နယ်တချို့သို့ ကုန်စည်စီးဆင်းမှုများကိုလည်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ကန့်သတ်လာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/567378028402039

Leave a Reply

Your email address will not be published.