မြေပုံမြို့နယ် အထက ငပုသုန်ကျောင်းမှာ ဆရာ/မများနေထိုင်သည့်အဆောင် အသက်အန္တရာယ်ထိခိုက်လောက်အောင် ယိုယွင်းပျက်စီးနေ ၊ လေးနှစ်ကျော်ကြာပေမယ့် မပြုပြင်ရသေး 

By Voice Of Westland/2022 July 11

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် အ.ထ.က ငပုသုန်ကျောင်းမှာ ဆရာ၊ ဆရာမတွေ နေထိုင်တဲ့အဆောင် အသက်အန္တရာယ်ထိခိုက်လောက်အောင် ယိုယွင်းပျက်စီးနေပေမယ့် ပြုပြင်

မွမ်းမံမှုမရှိတာ​ကြောင့် လုံခြုံမှုမရှိဘဲ နေထိုင်နေရတယ်လို့ အဲဒီကျောင်းဆောင်မှာနေထိုင်တဲ့ ဆရာမတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အဲဒီလို ဆရာ/ ဆရာမတွေနေတဲ့အဆောင် ယိုယွင်းပျက်စီးနေတာဟာ ၄ နှစ်လောက်ရှိနေခဲ့ပြီလို့ အဲဒီကျောင်းက အထက်တန်းပြဆရာမတစ်ဦးက VOW ကိုပြောပါတယ်။

“အဆောင်ကပြိုနေပါတယ်။ ပျက်နေတာတွေ ၄ နှစ်ကျော်နီးပါးလောက်ရှိနေပါပြီ။ လုံခြုံမှုမရှိတဲ့အတွက် ဒီနှစ်ကျောင်းဖွင့်လောက်ကနေ အခန်းတစ်ခန်းကိုပြောင်းပြီးနေလိုက်ရတယ်။ ပျဉ်တွေဆွေးပြီးတော့ မနှစ်ကအမိုးကလည်း မိုးယိုတယ်။ ဒီနှစ်စာလာသင်တော့လည်း ဒီတိုင်းဆိုတော့ လက်ရှိအဲနားက စာသင်ခန်းတစ်ခန်းနေရာကိုပြောင်းပြီး ဆရာမတွေစုနေကြရပါတယ်” သူကပြောပါတယ်။

အဲဒီကျောင်းကို တခြားနယ်တွေကပြောင်းရွှေ့လာတဲ့

တာဝန်ကျဆရာမတွေဟာ ပညာရေးဝန်ထမ်းနေအဆောင်က လုံခြုံမှုမရှိတဲ့အတွက် ပြင်ပမှာ ငှားနေကြတဲ့သူတွေလည်း ရှိတယ်လို့ ငပုသုန်ရွာက ဆရာမဒေါ်လှသိန်းဖြူကလည်း ဆိုပါတယ်။

“တခြားဆရာမတွေဆို မလုံခြုံလို့ဆိုပြီး အပြင်မှာ ငှားနေ နေကြရတယ်။တချို့ အပြောင်းပါသွားကြလို့တော်သေးတယ်။အဲဒီပြောင်းသွားတဲ့ ဆရာမတို့နေရာမှာ ထပ်တိုးဆရာမတွေရောက်လာမယ်လို့ ဆရာကြီးတို့ကပြောတယ်။အထက်တန်းပြက နှစ်ယောက်တည်းဘဲကျန်ခဲ့တော့ လိုလည်းလိုအပ်တယ်။အရင်က ၇ ယောက်တောင်ရှိတာ။ နောက်ထပ် ၅ ယောက်ရောက်လာမယ်ဆိုရင် ကျွန်မတို့နေတဲ့ အခန်းမှာလည်း မဆံ့တော့ဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာ ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်တွေနဲ့ မိဘဆရာအသင်းက ကိုယ်ထူကိုယ်ထဆောက်ပေးနိုင်ဖို့ ငွေကြေးကောက်ခံနေပေမယ့် လုံလောက်မှုမရှိတဲ့အတွက် လာမယ့်နှစ်မှ ဆောက်လုပ်နိုင်မယ်လို့ အထက.ငပုသုန်ကျောင်းအုပ်ဆရာကြီး ဦးမောင်ကျော်ဇံက VOW ကိုပြောပါတယ်။

“ကျောင်းသားမိဘတွေနဲ့ မိဘဆရာအသင်းတို့ကို အစည်းဝေးခေါ်ပြီးပြောတော့ ပိုက်ဆံက ၂ သိန်းခွဲလောက်ဘဲရပါတယ်။ အဲဒါနဲ့ဆရာ၊ဆရာမနေအဆောင် ဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ရွာကလည်းဆင်းရဲပင်ပန်းတော့ လာမဲ့နှစ်မှာမှ ဆောက်လုပ်နိုင်ကြမယ် ထင်ပါတယ်”လို့ ဆိုပါတယ်။

မြေပုံမြို့နယ် အထက.ငပုသုန်ကျောင်းတွင် ဆရာ၊ဆရာမ (၁၅) ယောက်ရှိပြီးတော့ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀၂)ယောက် ပညာသင်ကြားနေတယ်လို့ကျောင်းအုပ်ဆရာကြီးက

ပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/178369691249083

Leave a Reply

Your email address will not be published.