မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ပုဏ္ဏားကျွန်းဒေသခံခြောက်ဦးကို စတင်ရုံးထုတ်

By DMG /2022 July 15

(ပုံစာ- ယနေ့ရုံးထုတ်ရာတွင်ပါဝင်သည့် ခြောက်ဦးအနက် ကိုမျိုးသွင်နှင့် ဦးဘလှိုင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့)

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့မှ ဒေသခံခြောက်ဦးကို ယနေ့(ဇူလိုင်လ ၁၅ ရက်)တွင် ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးနှင့် စစ်တွေအကျဉ်းထောင်တို့တွင် အသီးသီးရုံးထုတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါခြောက်ဦးအနက် ဦးဘလှိုင်၊ ကိုမျိုးသွင်နှင့်ကို မြတ်သူရထွန်းတို့ကို စစ်တွေအကျဉ်းထောင်တွင် Video Conferencing (ခေါ်) အွန်လိုင်းရုပ်သံစနစ်ဖြင့် စတင်ရုံးထုတ်ခဲ့ကာ ဦးကျော်မင်း၊ ဦးဝင်းမောင်သန်းနှင့်ဦး ထွန်းလှိုင်တို့ကို ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

၎င်းတို့အားလုံးကို ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းက ဗိုလ်ကြီးကြည်လှိုင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာပုဒ်မ- ၃၃၃/၁၁၄ တို့ဖြင့်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲဆိုထားသည်ဟု ကြားသိနေရကြောင်းလည်း မိသားစုဝင်များက ပြောဆိုကြသည်။

“ကျွန်မယောင်္ကျားကို မတရားသလို တရားစွဲထားတဲ့အတွက် ပြန်ပြီးလွှတ်စေချင်ပါတယ်။ ကျွန်မတို့မှာ ဘာအပြစ်မှလည်းမရှိပါ။ သူတို့က လိုသလိုစွဲထားတဲ့အမှုပါ။ သူက နိုင်ငံရေးတွေလည်းမရှိ။ နားလည်း မလည်ပါ။ ဟိုဘက်ဒီဘက်အဖွဲ့တွေနဲ့လည်း ဆက်စပ်မှုမရှိပါ။ ကိုယ့်စီးပွားရေးကို ရိုးရိုးသားသားလုပ်စားနေတာပါ။ ပြန်လွှတ်ပေးစေချင်ပါတယ်။ တရားလိုက မတရားသဖြင့် စွဲထားတဲ့အမှုပါ“ဟု ဦးဘလှိုင်ဇနီး၏ ဒေါ်အေးခိုင်ကပြောသည်။

အလားတူ ကိုမျိုးသွင်မှာလည်း နိုင်ငံရေးနှင့်ဆက်စပ်သူမဟုတ်သည့်အပြင် နိုင်ငံရေးကိစ္စများကိုလည်း နားလည်သူတစ်ယောက်မဟုတ်ဘဲ ကားဂိတ်တွင် ကားဂိတ်မှူးလုပ်နေသူသာဖြစ်ပြီး မတရားဖမ်းဆီးစွပ်စွဲခံရခြင်းသာဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

“အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ ကျွန်မတို့မှာ သူတစ်ယောက်က မိဘကိုလုပ်ကျွေးနေတဲ့ သားကောင်းရတနာလေးပါ။ သူက လုံးဝ နိုင်ငံရေးနဲ့ပတ်သက်မှုမရှိပါ။ အမေတစ်ယောက်အနေနဲ့ အာမခံပါတယ်။ အပြစ်မရှိတဲ့ကလေးတွေ၊ လူငယ်တွေကို အလကားဖမ်းဆီးနေတယ်လို့မြင်ပါတယ်။ မတရားစွပ်စွဲတယ်။ ကျွန်မသားက ကျန်းမာရေးလည်း ကောင်းတာမဟုတ်ပါဘူး။ သားလေးကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်နေပြီ“ဟု သူကဆိုသည်။

ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း စုစုပေါင်း ၈ ဦးဖမ်းဆီးခံလိုက်ရပြီး ယနေ့တွင် အထက်ပါ ၆ ဦးကို ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မင်းအောင်ခိုင်နှင့် အသက် ၁၈ နှစ်အရွယ် နိုင်မျိုးထွန်းတို့ကို ရုံးထုတ်ခဲ့ခြင်းမရှိသေးအပြင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိသေးဟု မိသားစုဝင်များကဆိုသည်။

“လက်ရှိအချိန်ထိ ကျွန်တော့်သားလေးနဲ့ သူ့သူငယ်ချင်း ဘယ်နေရာမှာရှိမှန်းလည်း မသိရပါ။ အဆက်အသွယ်လည်းမရပါ။ စစ်တွေအမှတ် ၁ ရဲစခန်းမှာလည်းမရှိ။ ထောင်ချုပ်မှာလည်း မရှိဘူးတဲ့။ ကျွန်တော်ကတော့ ဝေခွဲလို့မရတော့ပါဘူး။ ပုဏ္ဏားကျွန်းမြို့မှာတော့ သူတို့နှစ်ဦးလွတ်သွားပြီလို့လည်းကြားတယ်။ ဒါပေမဲ့ တွေ့လည်းမတွေ့မိဘူး။ အိမ်ကိုလည်း ပြန်မရောက်လာသေးဘူး။ ကျွန်တော်ကတော့ သူတို့ဘယ်မှာလဲဆိုတာ အမြန်သိချင်တယ်။ အမြန်လည်းလွတ်စေချင်တယ်။ အမေတွေလည်း နေမကောင်းဖြစ်နေကြပါတယ်“ဟု နိုင်မျိုးထွန်း၏ ဖခင် ဦးစောမြက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးပြီးနောက် အထက်ပါဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ AA/ULA အဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးနေသောကြောင့် ရဲနှင့်စစ်သားများကို ဖမ်းဆီးရခြင်းဟု ရက္ခိုင့်တပ်တော်ဘက်ကပြောကြားထားသည်။

မြန်မာစစ်တပ်ဘက်ကလည်း ရဲနှင့်စစ်သားများ အဖမ်းခံရလျှင် ဒေသခံအများအပြားကို ဖမ်းဆီးတတ်ပြီး ဇွန်လအတွင်း ဒေသခံ ၅၀ ဦးခန့်ကို ဖမ်းဆီးလိုက်သည်။ ရက္ခိုင့်တပ်တော်ကမူ ဇွန်လအတွင်းတွင် ရဲနှင့်စစ်သား ၁၄ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။

# I-002

https://www.facebook.com/dmgnewsagency/posts/2342312669254464

Leave a Reply

Your email address will not be published.