By Western News /2022 July 20
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာမှ ဒေသခံ ၃ ဦးကို ယနေ့ ဇူလိုင် ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
အသက် ၅၀ အရွယ်ရှိ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်အပါအဝင်ဦးထွန်းအေးကြိုင် အသက် ၅၀၊ ဦးထွန်းရွှေ အသက် ၄၂နှစ်တို့ကိုစစ်ဆေးစာရာရှိသည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးကဖြစ်သူက”ဒီနေ့မနက်က ကျေးရွာသားတစ်ယောက်၊ နှစ်ယောက်ကို ဖမ်းဆီးသွားတယ်။ ကျမအမျိုးသားလည်း ပါသွားတယ်။ အင်အား ၂၀ လောက်ရှိတဲ့ စစ်တပ်နဲ့ နယ်ခြားရဲတို့က ခေါ်သွားတာပါ။ သူတို့က ကြိမ်ချောင်းရွာကို ဝင်လာပြီးတော့ အိမ်တွေကို တပြိုင်နက်တည်းဝင်တယ်” ဟု ပြောသည်။
၎င်းတို့ ၃ ဦးအား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသည့်အပြင် မည်သည့်နေရာသ်ု့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသည့် အတွက်လည်း မိသားစုဝင်များအနေဖြင့် စိုးရိမ်လျက်ရှိကြသည်။
“ဘာကြောင့်နဲ့ ဖမ်းသွားတယ်လို့လည်း မသိရဘူး။ ဒီဖက်မှာ စစ်ဖြစ်သွားတာနဲ့ ပတ်သက်လို့လား။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုလည်း မသိရဘူး။ သူတို့က အိမ်တွေကိုစစ်ဆေးမယ်ဆိုရင် ကျမတို့ စစ်ဆေးခွင့်ပေးတယ်။ ကျမဖုန်းနဲ့ ကျမအမျိုးသားဖုန်းကိုလည်း သိမ်းဆည်းသွားတယ်”ဟုပြောသည်။
ဖမ်းဆီးသွားသူများထဲတွင် နခခ (၇) တပ်ရင်းမှ နယ်ခြားစောင့်များ ပါဝင်သည်ဟု သူကပြောဆိုသည်။
ကြိမ်ချောင်းကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားသော နေရာနှင့် ၅ မိုင်ခန့် ကွာဝေးကြောင်း သိရှိရသည်။
ရက္ခိုင့်တပ်တော် (AA) ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက်တွေ့လာရသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြဖို့ ထုတ်ပြန်ထားရာ စစ်ကောင်စီဖက်မှလည်း ယခင်ကထက်ပိုမို စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများကို ပိုလိုလုပ်ဆောင်လာနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် ၂၀ ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သာ ၂ ဦး၊ ဇူလိုင် (၁၇)ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သည်။
ယင်းဖြစ်စဉ်များအတွင်းတွင် စစ်ကောင်စီဖက်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များမှ အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးပြီး နိုင်ငံတော် ဆူပူလှုံဆော်မှုပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
ဖမ်းဆီးခံထားရသူများမှ တချို့ကိုလည်း ဥပဒေမဲ့ နှိပ်စက်ထားကြောင်း သိရှိရသည်။ ယင်းအယင် ရခိုင်ပြည်နယ်မှ မြို့နယ်တချို့သို့ ကုန်စည်စီးဆင်းမှုများကိုလည်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ပြုလာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/567183458421496