By Voice Of Westland/2022 July 18
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ တရိန်းရွာနဲ့ မြဝတီရွာကြားမှာ ဒီကနေ့၊ ဇူလိုင်လ ၁၈ ရက်နေ့မနက်ပိုင်း ၁၀ နာရီကျော်အချိန်က တိုက်ပွဲဖြစ်ပွားပြီး ပစ်ခတ်သံတွေ အဆက်မပြတ်ကြားနေရတယ်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံကျေးရွာသားတွေက VOW ကို ပြောပါတယ်။
ဒီပစ်ခတ်သံတွေဟာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့အသံဖြစ်ပေမဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ အဲဒီ အမည်မဖော်လိုတဲ့ မြဝတီကျေးရွာသားတစ်ယောက်က ပြောပါတယ်။
“တရိန်းနဲ့မြဝတီကြားမှာ သေနတ်သံတွေ အဆက်မပြတ်ကြားနေရပါတယ်။ ဘာအဖွဲ့တွေ ဖြစ်နေတာလည်းတော့ အတိအကျ မသိသေးဘူး။ အခုထက်ထိ ဆက်ဖြစ်နေသေးတယ်။ နှစ်ဖက်ဖြစ်တာလို့တော့ ထင်တယ်။ ဟိုဖက်ကလည်းပစ် ဒီဖက်ကလည်း ပစ်ပါတယ်။ ကျမတို့ရွာနဲ့ ၁၀ မိနစ်လောက်ပဲ ဝေးပါတယ်။ ကျမတို့အခု မြဝတီရွာက ဘုန်းကြီးကျောင်းမှာ ရွာသားတွေ ကြောက်လန့်ပြီး စုနေရပါတယ်။ တောင်တွေမှာ မီးခိုထွက်နေတာကို မြင်နေရပါတယ်” လို့ သူက VOW ကို ပြောပါတယ်။
လက်ရှိမှာ မြဝတီကျေးရွာသားတွေနဲ့ ထရိန်းကျေးရွာသားတွေဟာ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အခုလက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမှာ ရက္ခိုင့်တပ်တော်(AA) အပါအဝင် ARSA နဲ့မြန်မာစစ်တပ်တို့ နေထိုင်တာတွေ ရှိတယ်လို့ အဲဒီကျေးရွာသားတွေက ပြောပါတယ်။