မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ပလက်ဝက

စစ်ဘေးရှောင်အမျိုးသမီး ဆေးကုသဖို့ ငွေကြေးအကူညီလိုအပ်နေ

By Voice Of Westland/2022 July 17

ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ရှောင်စခန်းက မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ အမျိုးသမီးဟာ လက်ရှိ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး ငွေကြေးအခက်အခဲဖြစ် နေတယ်လို့မိသားစုဝင်တွေက VOW ကိုပြောပါတယ်။

လက်ရှိစစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသူ

ဟာ အသက် ၃၈ နှစ်အရွယ် ဒေါ်ဝင်းခင်ဖြစ်ပြီးတော့

မိုင်းနင်းမိလို့ ညာဖက်ခြေထောက်ပြတ်တောက်ကာ မျက်လုံးတစ်စုံလုံး ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇွန်လ၂၀ ရက်နေ့က ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ရှောင်စခန်းကနေ အဘောင်သား ကျေးရွာအနီးမှာ ဟင်းစားသွားရှာတဲ့အချိန် မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့အထိ ထိခိုက်ဒဏ်ရာ

အပြင်းအထန်ရရှိခဲ့တာဖြစ်ပါတယ်။

“ စစ်တွေမှာက ဆေးကုသနေပေမယ့် တစ်ချို့လိုအပ်နေတဲ့ဆေးဝါးတွေက အပြင်ကဝယ်ရတယ်။ စားစရိတ်က လည်းရှိသေးတော့ စားစရိတ်ကလည်း သုံးသောင်း ၊ လေးသောင်းလောက်ကုန်တော့ ငွေကြေးအခက်အခဲ ဖြစ်တာပေါ့”လို့ ဒေါ်ဝင်းခင်၏ မောင်ဖြစ်သူ ဦးလွမ်းတင်က VOW ကို ပြောပါတယ်။

ဒေါ်ဝင်းခင်ဟာ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် မျက်လုံးနှစ်ဖက်လုံး အမြင်အာရုံပျက်စီးသွားတဲ့အပြင်

အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ပလက်ဝမြို့

ဆေးရုံကြီးကနေ စစ်တွေဆေးရုံကြီးကို လာရောက်ဆေးကုမှုခံယူနေရတာဖြစ်ပါတယ်။

သူတို့မိသားစုဟာ ဆင်းရဲနွမ်းပါးတဲ့သူတွေဖြစ်တာကြောင့် ဆေးကုသဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကိုလွမ်းတင်ကဆိုပါတယ်။

“ဆေးရုံမှာဘယ်လောက်ကြာကြာဆက်နေရအုန်းမှာလည်း ကျနော်တို့လည်းမသိဘူး။ အချိန်ကြာလေ ကျနော် တို့အတွက်ခက်ခဲလေပါပဲ။ ဘာသာရေးအဖွဲ့တွေရယ်၊ တစ်ချို့အဖွဲ့တွေကနည်းနည်းကူညီထောက်ပံ့ပေးတာတော့ရှိပါတယ်။ ဒါပေမယ့် ဆေးရုံဘယ်ချိန်မှာဆင်းရမှာကို တိတိကျကျမသိရသေးတဲ့အတွက် ငွေကြေးအခက်အခဲ တွေရှိနေသေးပါတယ်” လို့ သူကဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အခုနှစ် မေလကနေ ဇူလိုင်လ ၄ ရက်နေ့အထိ မိုင်းပေါက်ကွဲမှု အကြိမ် ၃၀ နီးပါးရှိခဲ့ပြီး အရပ်သားသေဆုံးသူ ၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးအထိရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ရဲ့စာရင်းအရသိရပါတယ်။

https://www.facebook.com/VOW2ppl/posts/179572044462181

Leave a Reply

Your email address will not be published.