မိုင်းထိလူနာ ၁ ဦးလျှင် ကျပ် ၂ သိန်းစီထောက်ပံထားကြောင်း လူ/ကယ်/ပြန်ပြည်ထောင်စုဝန်ကြီးက ပြောဆိုသော်လည်း ရခိုင်မှ မိုင်းထိလူနာများ မရဟုဆို

By Narinjara /2022 July 16

မိုင်းထိလူနာများကို ငွေ ကျပ် ၂ သိန်းစီထောက်ပံထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသော်လည်း ရခိုင်မှ မိုင်းထိလူနာများ ယင်းထောက်ပံ့ငွေများကို မရကြဟု သိရသည်။

ဇူလိုင် ၈ ရက်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC)တို့ပူးပေါင်း၍ အာဆီယံဒေသတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေးကွန်ရက်တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်းအစည်းအဝေးတွင် ဒေါက်တာသက်သက်ခိုင်က “၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အထိ မိုင်းထိပြည်သူတစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် ၆၉၂ ဦးအတွက် မိုင်းထောက်ပံ့ကြေး စုစုပေါင်း ငွေကျပ် ၁၃၈,၄ဝဝ,ဝဝဝ တိတိကို ထောက်ပံ့ပေးပြီးဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

သို့သော် ရခိုင်မှ မိုင်းထိလူနာများအနေဖြင့် အစိုးရဌာနဆိုင်ရာများ၏ထောက်ပံမှုတစ်စုံတစ်ရာ မရရှိကြောင်း ပြောဆိုကြသည်။


“အစိုးရကတော့ ထောက်ပံ့တာမရှိသေးပါဘူး”ဟု ပြောသည်။

ဦးအေးစိန်ထွန်း(၅၂ နှစ်)နှင့် သူ၏ဇနီး ဒေါ်အေးနုစိန် (၄၇ နှစ်)တို့သည် ဇွန်လ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က ရွာအနောက်ဘက်ရှိ သူတို့ပိုင်ဆိုင်သည့်လယ်တွင် ကန်သင်းဆည်နေချိန် မိုင်းပေါက်ကွဲမှုဖြစ်၍ ထိခိုက်ဒဏ်ရရာ အပြင်းအထန်ရရှိခဲ့သူမျးာဖြစ်သည်။


“ကျွန်တော်တို့ ဒီ အစိုးရဌာနဆိုရာတွေဘက်က ဘာမှထောက်ပံ့တာမျိုးမရရှိသေးပါဘူး။ ICRC က ကျွန်တော်တို့ကို ဆေးဖိုးဝါးခ ၄ သိန်း လာထောက်ပံ့ထားတာရှိတယ်။ စစ်တွေမှာ နေထိုင်၊ စားသောက်ရတာ၊ ဆေးဖိုးဝါခနဲ့ ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး”ဟု ပြောသည်။

ဇူလိုင်လ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာအနောက်ဘက်ရှိ လယ်ကွင်းအတွင်း နွားကျောင်းနေသည့် မူဆလင်ကလေးငယ် ၄ ဦးသည် မိုင်းနင်းမိခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းအနက် ဒဏ်ရာပြင်းထန်သူ မောင်မူချာရက်သည် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။


“အစိုးရဆီက ထောက်ပံ့မှု တစ်စုံတစ်ရာရရှိတာ မရှိသေးပါဘူးဗျ”ဟု ပြောသည်။

ဒေါ်ဝင်းခင် (၃၈ နှစ်)သည် ပလက်ဝမြို့ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှဖြစ်ပြီး ဇွန်လ ၂ဝ ရက် နံနက် ၉ နာရီကျော်တွင် ပလက်ဝမြို့နှင့် အဘောင်သားကျေးရွာအကြားရှိ တောထဲသို့ မျှစ်ရှာရန်သွားစဉ် မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူဖြစ်သည်။

ဆေးကုသမှုခံယူနေရသည့် မိုင်းထိလူနာများအား တစ်စုံတစ်ရာထောက်ပံ့ပေးထားခြင်းမရှိဘဲ ထောက်ပံ့ပေးထားသည်ဟု လူ/ကယ်/ပြန် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားများတွင် ပြောဆိုနေခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟုလည်း မိုင်းထိလူနာများ၏မိသားစုဝင်များက ပြောဆိုနေကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။


“အရင် မဆုံးခင်တုန်းကပေးတာတော့ မရှိခဲ့ဘူး။ အသက်ဆုံးပြီးမှတော့ လူကယ်/ပြန်ကတော့ ၃ သိန်းထောက်ပံ့ပေးတယ်” ဟု ပြောသည်။

ဦးသန်းစိန်မောင် (၄၅ နှစ်)သည် ဇူလိုင်လ ၁ ရက်က ရွာအနောက်ဘက်ရှိတောင်တွင် နွားပျောက်ရှာစဉ် မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရကာ နောက်တစ်နေ့တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားခဲ့သူဖြစ်သည်။

ရခိုင်တွင် ယခု ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှ ဇူလိုင်လစောပိုင်းအထိ မိုင်းပေါက်ကွဲမှုကြောင့် ၇ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

အလားတူ ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲ၍ လူပေါင်း ၄ဝ ကျော်သေဆုံးပြီး ၈ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု REC က ထုတ်ပြန်ခဲ့သည်။ (NN-7) (Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

https://www.facebook.com/narinjara.info/posts/5644260912252606

Leave a Reply

Your email address will not be published.