မာန်အောင်မြို့နယ်တွင် နွားအများအပြား ခွာနာ၊ လျှာနာရာဂါဖြစ်ပွားနေ

By DMG /2022 July 16

မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွားအများအပြား ခွာနာလျှာနာရောဂါဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင် မြတ်မချောင်းကျေးရွာ၊ မင်းပြင်ကျေးရွာ၊ လက်မဲပြင်ကျေးရွာ၊ သင်္ဂဇာကျေးရွာ၊ ကျီးညိုကျေးရွာ၊ မြေနီပြင် စသည့်ကျေးရွာများမှ နွားအကောင်ရေ ၂၀၀ နီးပါး ရောဂါဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

“အခုဖြစ်တဲ့ရောဂါက လျှာနာ၊ခွာနာဖြစ်တာပါ။ ခြေထောက်နာတယ်။ အစာမစားဘူးပေါ့။ သေဆုံးတာမျိုးတော့ မရှိသေးဘူး။ ကျနော်တို့ရွာမှာဆိုရင် နေမကောင်းဖြစ်နေတာ အကောင် ၄၀ လောက်ရှိတယ်”ဟု မာန်အောင်မြို့နယ်၊ မင်းပြင်ကျေးရွာမှ ဒေသခံ ကိုအောင်ထွန်းစိန်ကပြောသည်။

မာန်အောင်မြို့နယ်အတွင်း ဒေသခံအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို နွားများဖြင့် အဓိကထွန်ယက်စိုက်ပျိုးကြသဖြင့် ယခုကဲ့သို့ စပါးစိုက်ပျိုးသည့်ရာသီတွင် နွားများနေမကောင်းသောကြောင့် အခက်ကြုံတွေ့ရသည်ဟု မြေနီပြင်ကျေးရွာမှ ဒေသခံ ဦးစိုးထွန်းကပြောသည်။

“ဒီနှစ်က လယ်ထွန်စက်စရိတ်ကလည်း ဈေးကြီးတယ်။ နွားတွေကလည်း နေမကောင်းဖြစ်ကြတယ်ဆိုတော့ တောင်သူတွေ တော်တော်အခက်အခဲဖြစ်ကြတာတော့ အမှန်ပဲ။ စက်ထွန်ခကလည်း တစ်ဧကကို တစ်သိန်းနီးပါးဖြစ်နေတယ်။ လယ်တွေကိုလည်း မစိုက်ပျိုးဘဲမထားနိုင်ဘူး။ နွားနဲ့မထွန်နိုင်တော့ စက်နဲ့ပဲထွန်ပြီး လုပ်နေကြရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ရောဂါဖြစ်ပွားသည့်နွားများကို ကျေးရွာအလိုက် တိရိစ္ဆာန် ဆေးကုဆရာဝန်များခေါ်ယူကာ ဆေးကုသနေကြောင်း ဒေသခံများက ပြောဆိုသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် မာန်အောင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဦးသန်းဝင်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

၂၀၂၁ ခုနှစ်ကလည်း မာန်အောင်မြို့နယ်အတွင်း ဇိုင်ပင်၊ သိမ္ဗလ၊ ဒိုးတန်းကုန်း၊ ညောင်ကုန်း စသည့်ကျေးရွာများတွင် နွားအများအပြား ရောဂါဖြစ်ပွားကာသေဆုံးမှုရှိခဲ့ပြီး နွားမွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် အခက်အခဲဖြစ်ခဲ့ရကြောင်း သိရသည်။

# R011

https://www.facebook.com/dmgnewsagency/posts/2342872212531843

Leave a Reply

Your email address will not be published.