By DMG /2022 July 14

(ပုံစာ – ဇူလိုင်လ ၁၄ ရက်နေ့က ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာရှိ ကမ်းပါးများပြိုကျနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ – ထွန်းထွန်းနိုင်)
ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း(ခေါ်) မြေငူကျွန်းရှိ သဲခုံကျေးရွာတွင် နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုနှင့်ရင်ဆိုင်နေရပြီး ဒေသခံများအတွက် နေထိုင်ရေးနှင့် သွားလာရေးတို့အတွက် အခက်တွေ့နေကြသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ပင်လယ်ရေတိုက်စားမှုကြောင့် နေအိမ်သုံးအိမ်ခန့်နှင့် အုန်းပင်များ လဲပြိုကျသွားကြောင်း ဒေသခံများထံမှသိရသည်။
“အခုမှ မိုးရာသီစတုန်းပါ။ ဒီအတိုင်းဆိုမလွယ်ပါဘူး။ ဒီနေ့ဆိုရင် အုန်းပင်တွေလည်း အများကြီးလဲကုန်တယ်။ ပျက်စီးသွားတယ်။ အိမ်တွေလည်းပြိုသွားတယ်။ အခုက ကျွန်တော်တို့ရွာအခြေအနေက အဖတ်ဆယ်လို့မရတဲ့ပုံစံကို ဖြစ်နေပါပြီ“ဟု သဲခုံဒေသခံ ကိုညီထွန်းချေကပြောသည်။
သဲခုံကျေးရွာတွင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်မှစတင်ကာ မိုးရာသီရောက်တိုင်း ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလေ့ရှိသဖြင့် ကျေးရွာမြေဧရိယာ၏ သုံးပုံနှစ်ပုံခန့်မှ ပျက်စီးဆုံးရှုံးသွားပြီဟု ဒေသခံများကဆိုသည်။
“လူနေအိမ်တွေ ဒီရေလှိုင်းကြောင့်ပါသွားတယ်။ ထမင်းချက်တဲ့အိုးတွေ၊ အိမ်တွေလည်းပြိုသွားတယ်။ ပြီးရင် လူနေဖို့အိမ်ကလည်း အဆင်သင့်မရှိဆိုတော့ ဒုက္ခတွေတန်းစီပြီးရောက်ကြရပါတယ်။ ကြုံနေရတာက နှစ်ပေါင်း ၁၀ လောက်ရှိပြီ။ နှစ်တိုင်းလိုလို တဖြည်းဖြည်းနဲ့ မြေတွေပါသွားတာ။ အခုဆိုရင် သဲခုံရွာက ၃ ပုံပုံလို့ ၁ ပုံလောက်ပဲကျန်တော့တယ်လို့ ပြောချင်တယ်“ဟု သဲခုံကျေးရွာမှ ဒေသခံ ဒေါ်မညွှန့်စံကပြောသည်။
ထိုသို့ ပင်လယ်ရေတိုက်စားခြင်းမှာ စစ်တွေတွင် တည်ဆောက်ထားသော အိန္ဒိယရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရာတွင် အသုံးပြုမည့်သဲများတူးဖော်ခြင်း၊ သင်္ဘောကြီးများ သွားလာနိုင်ရန် သဲတူးခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။
ထိုသို့ ပင်လယ်ရေတိုက်စားမှုကြောင့် မြေဧရိယာများ ထပ်မံမဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ရေလိုင်းကာများတည်ဆောက်ပေးရန် လိုအပ်သကဲ့သို့ ဒေသခံများအသက်အန္တရာယ် ထိခိုက်မှုမရှိစေရေးအတွက် သဘာဝဘေးဒဏ်ခံ အဆောက်အဦးများပြုလုပ်ပေးရန် လိုအပ်သည်ဟုဆိုကြသည်။
“အဓိကတော့ လှိုင်းကာတွေရရင်တော့ အဲလိုဟာတွေမဖြစ်တော့ဘူး။ ရေလှိုင်းကာတွေ လုပ်ပေးစေချင်တယ်။ လှိုင်းကာတွေလည်းမရဆိုတော့ အမြဲတမ်းမြေဧရိယာက တဖြည်းဖြည်းပြိုပြီးဆင်းသွားတယ်။ အရင်နှစ်ကဆို ကျွန်မအိမ်လည်းပါသွားတယ်။ ပြိုသွားတယ်။ ဒီလိုတွေပဲ ရေရှည်ဖြစ်နေမယ်ဆိုရင် သဲခုံရွာဟာ ပျောက်ကွယ်သွားနိုင်တယ်။ နေဖို့နေရာမရှိ၊ ဒီနေရာမှာနေလို့မရရင် လူတွေကလည်း ဟိုကိုပြောင်းရွှေ့၊ ဒီကိုပြောင်းရွှေ့ဆိုရင် လူလည်းမရှိ၊ ကြာလာရင် တဖြည်းဖြည်းမြေတွေပြိုပြီး ရွာပျောက်သွားနိုင်တယ်လို့ထင်တယ်“ဟု ဒေသခံ ဒေါ်မညွှန့်စံကပြောသည်။
ပြီးခဲ့သည့်နှစ် မြစ်အနီးတည်ရှိသော မူလတန်းစာသင်ကျောင်းမှာလည်း ကမ်းပြို၍ပျက်စီးသွားသောကြောင့် ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့စာသင်နေကြရသည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်က နေအိမ် ၄၀ နီးပါးခန့် ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် သဲခုံကျေးရွာတွင် အိမ်ခြေ ၃၅၀ ခန့်ရှိကာ လူဦးရေ ၁၇၀၀ ကျော် နေထိုင်လျက်ရှိသည်။
# I-002
https://www.facebook.com/dmgnewsagency/posts/2341332682685796