ပေါက်တောမြို့နယ်တွင် စစ်ကောင်စီတပ်သားများသွားလာလှုပ်ရှားမှုရှိနေ၊ ဘာသာရေးအဆောက်အဦးများတွင် ညအိပ်ရပ်နား

By Western News /2022 July 04

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့သို့ စစ်ကောင်စီတပ်သားများက ဇူလိုင် ၃ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က ရောက်ရှိလာခဲ့ကြပြီး မြို့နယ်အချို့က ကျေးရွာများသို့ လှည့်လည်နေကြကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သား ၆၀ ကျော်ခန့်သည် ယမန်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က နေဗီဖြင့် စစ်တွေဖက်မှတဆင့် ရောက်ရှိလာကြပြီး နတ်တောင်ပြင်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြသည်ဟု ပေါက်တောမြို့မှ လူမှုရေးလုပ်ဆောင်နေသူတစ်ဦးဖြစ်သူ တစ်ဦးက ပြောသည်။

“၃ နာရီကျော်လောက်မှာ စစ်တွေဖက်က နေဗီနဲ့လာပြီးတော့ ပေါက်တော သင်္ဘောဆိပ်က တက်လာကြတယ်။ သူတို့အင်အားကတော့ ၆၀ ကျော်လောက်ပါတယ်လို့ပြောတယ်။ မနေ့ကတော့ နတ်တောင်ပြင်ကျေးရွာဖက်သို့ သွားကြတယ်လို့ သိရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သားများသည် ယမန်နေ့က နတ်တောင်ပြင်ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်ရပ်နားခဲ့ကြပြီး ယနေ့နံနက်က ကြိမ်ခွေမော်ကျေးရွာသို့ ထွက်ခွါသွားကြသည်ဟု နတ်တောင်ပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

“သူတို့ မနေ့ညက ကျနော်တို့ရွာ ဘုန်းတော်ကြီးကျောင်းမှာ အိပ်ကြတယ်။ ဒီနေ့မနက် ၆ နာရီကျော်လောက်မှာတော့ ကြိမ်ခွေမော်ကျေးရွာဖက်ကို ၂၀ ကျော်လောက်ဆင်းသွားတယ်။ ရွာတွေကိုဝင်ပြီးတော့ စစ်ဆေးတာတွေလည်းမရှိဘူး။ ဒါပေမဲ့ ရွာသားတွေကတော့ စိုးရိမ်နေကြတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သားများသည် ယင်းကဲ့သို့ သွားလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူလူထုအကြောင်းမဲ့ဖမ်းဆီးမည်ကိုစိုးရိမ်မှု ရှိကြပြီး ၎င်းတို့မှာ ယနေ့ နံနက်က ပေါက်တော်မြို့နယ်က နတ်တောင်ပြင်၊ ဓါးကိုင်၊ ကြိမ်ခွေမော်၊ တပ်မော်စသည့် ကျေးရွာများသို့ လှည့်လည်သွားလာနေကြသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်သားများသည် ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းမှ ကျေးရွာတချို့သို့ ဝင်ရောက်ပြီး အိမ်ထောင်စုစာရင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် (၂၀) ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် (၂၁ ) ရက်နေ့က မြောက်ဦးမြို့မှ (စရဖ) တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် (၂၂) ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် (၂၃) ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်များမှ အရပ်သား ၄၅ ဦးကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည့်ပြည်သူများကို စစ်ကောင်စီက မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးဘဲ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မပေးသည့်အတွက် ၎င်းတို့အသက်အန္တရာယ်များကို စိုးရိမ်မှုများရှိနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/556298199510022

Leave a Reply

Your email address will not be published.