By Voice Of Westland/2022 July 02

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို မြန်မာစစ်တပ်က ပိတ်ပင်လိုက်တာဟာ ရက်ပေါင်း ၂၀ နီးပါးကြာမြင့်လာနေပြီဖြစ်တဲ့အတွက် ဒေသခံတွေ သွားလာရေးအတွက် အခက်အခဲနဲ့ ကြုံနေရတယ်လို့ ဆိုကြပါတယ်။
အဲဒီလမ်းဟာ တောဖျားချောင်းဒေသက ဒေသခံတွေ အသုံးပြုသွားလာနေရတဲ့လမ်းဖြစ်သလို ရသေ့တောင်နဲ့ပုဏ္ဏားကျွန်းကို အဓိက ဆက်သွယ်သွားလာနေတဲ့ လမ်းတစ်ခုလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ကားလမ်းကို ပိတ်ပင်လိုက်တဲ့အတွက် ကားသမားတွေအနေနဲ့တခြားအလုပ်ကို ပြောင်းလုပ်ရသူတွေရှိသလို ပုဏ္ဏားကျွန်းကို သွားလာလို့ မရတာကြောင့် ပုံမှန်ဝင်ငွေမရှိတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ကားသမားတစ်ယောက်က VOW ကိုပြောပါတယ်။
“ပုဏ္ဏားကျွန်းကို သွားလို့မရလို့ တောဖျားချောင်းက ထွက်လာတဲ့ ကွမ်း၊ဒညင်းသီးတွေကို ရသေ့တောင်ဖက်ကို ပို့နေရတယ်။ခရီးသည်တွေလည်း အသွားအလာသိပ်မရှိတော့ဘူး။ပုဏ္ဏားကျွန်းဖက်ကို မသွားရတဲ့အတွက် ဝင်ငွေနည်းသွားတယ်။အလုပ်အကိုင်တွေက ကြပ်တည်းသွားတယ်။ရေရှည်ဆိုလို့ရှိရင် စားဝတ်နေရေးအတွက် မလွယ်ဘူး”လို့သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့မှာ မြန်မာစစ်တပ်က တပ်သားတစ်ယောက်ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် စစ်တပ်ဘက်နေ မြို့ခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေပြီး ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကိုလည်း အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အခုလိုမျိုး ကားလမ်းကို ပိတ်ပင်လိုက်တဲ့အတွက် အဲဒီအနီးအနားက ဒေသခံတွေဟာ ရေကြောင်းခရီးကိုသာ အဓိကအားထားပြီး သွားလာနေရတဲ့အတွက် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရလိုသလို ကုန်စည်စီးဆင်းမှုတွေမှာလည်း မလိုအပ်ပဲ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်