ပုဏ္ဏားကျွန်းအခြေစိုက်ခမရ (၅၅၀) တပ်ရင်းတွင် ဒုရင်းမှူးကတော်မှ ရဲမေဝတ်ရွတ်အသင်းကို ဝါဆိုလပြည့်နေ့ကဆဲဆို၍ မကျေနပ်မှုတိုးပွားနေ 

By Narinjara /2022 July 14

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ ရဲမေများ ဝါဆိုလပြည့်နေ့က ဓမ္မစကြာဝတ် ရွတ်ဖတ်နေချိန်တွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးဌေးဇနီးဖြစ်သူ ဒေါ်စမ်းသီတာမြင့်က ထဘီခါးစောင်းတိုက်ကာ ဆဲဆိုကြိမ်းမောင်းမှုပြုလုပ်သဖြင့် ရဲမေများအကြားတွင် မကျေနပ်မှု တိုးပွားနေသည်ဟု တပ်တွင်း သတင်းရင်းမြစ်များအရ သိရသည်။

အမည်မဖော်လိုသူ ရဲမေတစ်ဦးက “ ဒီလို အောက်ခြေက ရဲမေတွေကို အရင်ကလည်း မကြာ မကြာဆဲဆိုပါတယ်။ ဝါဆိုလပြည့် နေ့လယ်ပိုင်း ၂ နာရီမှာ ကျွန်မတို့ ဝတ်အဖွဲ့တွေ ဓမ္မာရုံမှာ ဓမ္မစကြာဝတ်ကို ရွတ်နေစဉ်မှာ ထဘီခါးစောင်းတိုက်ပြီး မဆီမဆိုင် ဆဲဆိုသွားပါတယ်။ ဘာမှ ပြဿနာမရှိဘဲ ရိုက်မယ်၊ သတ်မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်သွားပါတယ်။ ကျွန်မတို့ ဒီလိုနိုင်ထက်စီးနင်း လုပ်ခံနေရတာကို အထက်ကလူကြီးတွေ သိစေချင်ပါတယ်”ဟု ပြောသည်။

၎င်းပြင် ဒုရင်းမှူးကတော် အပါအဝင် တပ်ရင်းမှူးကတော်တို့သည် တပ်ထဲတွင် အထည်များကို ရောင်းချပြီး ရောင်းချစဉ်က စျေးနူန်းတစ်မျိုး၊ ပိုက်ဆံ လာတောင်းသောအခါ စျေးနှုန်းတင် တောင်းတာမျိုးပြုလုပ်ပြီး အောက်ခြေ တပ်သားဇနီးမယားများကို အနိုင်ကျင့်နေသည်ဟုလည်း ပြောဆိုသည်။

ခမရ (၅၅၀) မှ တပ်ရင်းမှူး ကျော်လင်းမောင်ဇနီး ဒေါ်သူဇာလှိုင် (၃၈) နှစ်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးဌေးဇနီး ဒေါ်စမ်းသီတာမြင့် (၂၉) နှစ်တို့သည် ၂၀၂၂ မတ်လအတွင်းက ခမရ (၅၅၀) သို့ ရှေ့ဆင့် နောက်ဆင့် ရောက်ရှိ လာပြီးနောက် အောက်ခြေရဲဘော်ဇနီးသားသမီးများ အပေါ် အနိုင်ကျင့်နေသည်ဟု ဆိုသည်။

“ ပီးရင် သူတို့လေ။ တပ်ရင်းမှူးကတော်လေ တပ်ရင်း သက်သာဆိုင် ကိုလည်း သူတို့ပိုင်လို မောင်ပိုင်စီးထားပြီး ကိုယ်ပိုင်ဆိုင်လို စျေးတင် ရောင်းတယ်။ ဘယ်သူမှ မပြောဝံ့တော့ ပိုပြီး လုပ်လာတယ်လေ။ တပ်ရင်းမှူးကတော်က ဝါဆိုလပြည့်နေ့က ဆဲတဲ့ အထဲမှာတော့ မပါဘူး။ ဒါပေမယ့် အပြင်မှာတော့ သူလည်း ရဲမေတွေကို ဆဲဆိုကြိမ်းမောင်းတာတွေ ရှိပါတယ်။ နေပြည်တော်က လူကြီးတွေကို သိအောင် ကူညီစေချင်ပါတယ်” ဟု ပြောဆိုသည်။

ခမ၇( ၅၅၀) တပ်ရင်းတွင် တပ်ရင်းဗိုလ်ကြီးနှင့် နောက်ထပ် ဗိုလ်မှူး ကတော်များရှိသော်လည်း သူတို့လို အောက်ခြေရဲမေများကို အနိုင်ကျင့်ခြင်း မရှိကြောင်း ပြောကြားသည်။

https://www.facebook.com/narinjara.info/posts/5637196432959054

Leave a Reply

Your email address will not be published.