ပုဏ္ဏားကျွန်းရှိ ဦးရာဇ်မင်္ဂလာကြိုးတံတား ဝါဆိုလပြည့်နေ့ လူသွားလူလာများရာမှ ကျိုးကျ

By Narinjara /2022 July 13

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ ဦးရာဇ်မင်္ဂလာကြိုးတံတားသည် ဝါဆိုလပြည့်နေ့ ဘုရားကို လူသွားလူလာများရာမှ ကျိုးကျသွားခဲ့ပြီး အန္တရာယ်မဖြစ်စေရန် ယာယီပြုပြင်ကာ သွားလာနေကြရသည်ဟု သိရသည်။

တံတား၏ ပုဏ္ဏားကျွန်းမြို့ဘက်ခြမ်း ကမ်းစပ်နေရာတွင် ယနေ့ ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်က ကျိုးကျသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။


“တံတားက သိပ်အများကျိုးသွားတာတော့ မဟုတ်ပါဘူး။ အရင်တစ်ခေါက်တုန်းက ကျိုးတဲ့နေရာက ကျိုးသွားတာပါ။ အဲဒီနေရာကို ဒေါက်ထောက်ထားတာလေ။ ဒီနေ့လပြည့်နေ့ဆိုတော့ ဘုရားလာကြတဲ့သူတွေလည်း ရှိတယ်။ အအေးလှူတဲ့သူတွေလည်း ရှိတယ်လေ”ဟု ပြောသည်။

ယခုဖြစ်စဉ်ကြောင့် ဘုရားဖူးများတွင် ထိခိုက်မှုမရှိခဲ့သလို လက်ရှိတွင် တံတားကို လူအများသွားလာနိုင်စေရန် ယာယီပြုပြင်ပေးထားသည်ဟုလည်း သိရသည်။

အဆိုပါကြိုးတံတားသည် ကင်းချောင်းကိုဖြတ်သန်းကာ ပုဏ္ဏားကျွန်းမြို့နှင့် ရှေးဟောင်းသမိုင်းဝင် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်သို့ ဆက်သွယ်ထားသည့်ကြိုးတံတားဖြစ်သည်။

တံတားမှာ ခိုင်ခံ့မှုမရှိတော့၍ တံတားအသုံးပြုသူများနှင့် ဘုရားဖူးများ အန္တရာယ်ရှိနေ၍ ပြန်လည် တည်ဆောက်ပေးရန် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နံနက်က ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ထံ မြို့မိမြို့ဖများနှင့် ဒေသခံများက တောင်းဆိုခဲ့ဖူးသည်။

ယင်းတောင်းဆိုချက်ကို ပြန်လည်စိစစ်ကာ ဆောင်ရွက်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောဆိုသွားခဲ့သော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်ပေးမှု မရှိသေးဟု မြို့ခံများက ပြောသည်။ (NN-13)

https://www.facebook.com/narinjara.info/posts/5631749036837127

Leave a Reply

Your email address will not be published.