(AAထံ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီလက်အောက်ခံ အနည်းဆုံး ၁၅ ဦးရှိပြီ)
By Border News Agency/2022 July 18

(ဓာတ်ပုံ-အေအေဖမ်းဆီးသွားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှရွှေ/BNA)
စစ်ကောင်စီလက်အောက်ခံ ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ကျောက်တော်ကနေ ကားနဲ့ ပုဏ္ဏားကျွန်းမြို့သို့ ပြန်အလာ လမ်းခုလပ်မှာ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
“ဘုရားဖူးလို့ အပြန်မှာ အဖမ်းခံရတာလို့ ပြောပါတယ်။ပန်းနီလာ၊ကြံခင်းရွာ အဲဒီတဝိုက်မှာ အဖမ်းခံရတာလို့ ကြားတယ်။”လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။
ဘယ်အကြောင်းကြောင့် အဖမ်းခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အဲဒီအကြောင်းနဲ့ ပက်သက်လို့ မေးမြန်းဖို့အတွက် BNA က AA ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့တွင်းနဲ့ အနီး၀န်းကျင်မှာတော့ အခုအချိန်အထိ အခြေအနေငြိမ်သက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါပေမယ့် မနေ့က ဇူလိုင်လ ၁၆ ရက်နေ့ ညမှာတော့ မြို့အနီးက လက်နက်ငယ် ပစ်ခတ်သံ ၃ ချက်လောက် ကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ရက္ခိုင့်တပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ဇွန်လလယ်လော က်ကနေ စပြီး ပုဏ္ဏားကျွန်း၊စစ်တွေ၊မြောက်ဦး၊ ကျောက်တော်မြို့တို့က စစ်ကောင်စီလက်အောက်ခံ အရာရှိ၊တပ်သားတွေ၊စရဖအဖွဲ့၀င်တွေ၊ရဲအရာရှိတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခု အဖမ်းခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးအပါဆိုရင် AA က ဖမ်းဆီးထားသူ ၁၅ ဦးရှိပြီဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီဖက်ကလည်း ရခိုင် ပြည်နယ်အတွင်းက ဒေသခံပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအထဲက ကလေးငယ်တွေအပါအ၀င် ၄၀ ကျော်မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=181504167625231&id=107469705028678