ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအား AA ဖမ်းဆီး

By Western News /2022 July 17

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးအား ယနေ့ ဇူလိုင် ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက်က ကျောက်တော်မှ ပုဏ္ဏားကျွန်းသို့ ပြန်လာစဉ် ပုဏ္ဏားကျွန်းမရောက်ခင် ကျေးရွာတစ်ရွာ၏ အနီးတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အသက် ၅၆ နှစ်အရွယ်ရှိ အသစ်တာဝန်ကျလာသူ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေသည် ယနေ့ ကျောက်တော်မှ ပုဏ္ဏားကျွန်းသို့ ပြန်အလာတွင် ဖမ်းဆီးခံခဲ့ရကြောင်း အမည်မဖော်လိုသည့် ထွေအုပ်ဝန်ထမ်းတစ်ဦးက Western News ကိုပြောသည်။

“ဒီနေ့ ၃ နာရီကျော်လောက်ကဖြစ်မယ်။ သူက ကျောက်တော်ကနေ ပုဏ္ဏားကျွန်းကို ကားနဲ့ ပြန်လာတာပါ။ လမ်းမှာအဖမ်းခံရတယ်။ ကျနော်တို့ကတော့ AA တပ်ဖွဲ့ဝင်တွေဖမ်းသွားတယ်လို့ သိရတယ်”ဟုပြောသည်။

ဦးလှရွှေသည် ဇူလိုင် ၁ ရက်နေ့စ၍ ပြည်ထဲ ရေးဝန်ကြီးဌာနလက် အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် အသစ်တာဝန်ကျလာသူတစ်ဦးဖြစ်ပြီး ၎င်းမှာ ဘူးသီးတောင်မြို့နယ်ဇာတိ ဖြစ်ကြောင်းသိရသည်။

အုပ်ချုပ်ရေးမှူး၏ကားကို မောင်းနှင်သူ ဖမ်းဆီးခံရသည်ဟုကြားသိရသော်လည်း ၎င်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များမရရှိသေးပေ။ ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့ပေါ်က အရပ်သား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရကာ တစ်ချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း တစ်ချို့မှာ စစ်တပ်က တရားလိုလုပ်ကာ တရားစွဲထားသည်။

ယင်းအပြင်ဇွန် ၂၀ ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သာ ၂ ဦးအစရှိသူများကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဉ်များအတွင်းတွင်လည်း စစ်ကောင်စီဖက်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များမှ အရပ်သား ၄၅ ဦးထက် မနည်းဖမ်းဆီးခဲ့ပြီး တစ်ချို့ကို မြို့နယ်အသီးသီးက ရဲစခန်းများတွင် အမှုဖွင့်ထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/565454598594382

Leave a Reply

Your email address will not be published.