By Western News /2022 July 02

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်ဆီးသွားသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က အရပ်သား ၈ ဦးမှာ လက်ရှိအချိန်အထိ မိသားစုများနှင် အဆက်သွယ်မရသေးဟု မိသားစုဝင်များကပြောသည်။
ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးခံရသည့် သူများမှာ ပုဏ္ဏားကျွန်းမြို့တွင် နေထိုင်ကြသူများဖြစ်ကြသည့် ဦးကျော်မင်း အသက် ၆၁ နှစ်၊ ဦးဝင်းမောင်သန်း အသက် ၄၀ နှစ်၊ ဦးထွန်းလှိုင် အသက် ၃၅ နှစ်၊ ဦးဘလှိုင် အသက် ၄၀ နှစ်၊ ဦးမျိုးသွင် အသက် ၂၈ နှစ်၊ ကိုမြတ်သူထွန်း ၂၉နှစ်၊ ကိုနိုင်မျိုးထွန်း ၁၈ နှစ်နှင့် မောင်မင်းအောင်ခိုင် ၁၇ နှစ်တို့ဖြစ်ကြသည်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူများနှင့် အဆက်သွယ် မရသလို မည့်သည်နေရာတွင် ဖမ်းဆီးထားသည်ကိုတောင် မသိရသေးသောကြောင့် စိုးရိမ်မှုများမြင့်တက်နေသည်ဟု ဖမ်းဆီးခံ ဦးကျော်မင်း၏ သားဖြစ်သူ ကိုထင်အောင်ကျော်က Western News ကိုပြောသည်။
“ဖမ်းသွားတဲ့ နေ့ကနေ ဒီနေ့အထိ ဘာအဆက်မှလည်း မရသေးဘူး။ စစ်ကြော့ရေးမှာ ထားတယ်လို့တော့ကြားတယ်။ ဘယ်တပ်မှာဆိုတာတော့ မသိရဘူး။ အဖေက အသက်လည်းကြီးပြီးဆိုတော့ ဆေးတွေသောက်နေရတာ။ အခုက အဆက်အသွယ် ဘယ်လိုမှ မရတော့ မိသားစုတွေက တော်တော်လည်းကို စိုးရိမ်မှုတွေမြင့်တက်နေကြတယ်”ဟုပြောသည်။
လက်ရှိ အဖမ်းခံထားရသူများမှာ ရက္ခိုင့်တပ်တော် AAနှင့် စပ်ဆက်မှုများမရှိကြဘဲ သာမန်အရပ်သားများဖြစ်ကြသောကြောင်း အမြန်ဆုံးပြန်လည် လွတ်ပေးစေချင်သည်ဟု ကိုမျိုးသွင်၏ ဖခင်ဖြစ်သူ ဥဦးမျိုးလွင်က Western News ကိုပြောသည်။
“ဖမ်းဆီး ခံထားရသူတွေက AA နဲ့ ဘာမှ အဆက်သွယ် မရှိဘူး။ ကိုယ်စီးပွား လုပ််ကိုင်စားနေကြတဲ့ သာမန်ပြည်သူတွေပါ။ အခုက ဘာမှမဆိုင်တဲ့ သူတွေကိုဖမ်းနေတာက ဘာအကျိုးမှ မရှိသလို ဖမ်းဆီးခံရသူနဲ့ မိသားစုဝင်တွေကို တော်တော်နစ်နာမှုတွေရှိကြတယ်။ အခုဆိုရင် ဖမ်းသွားတာ ရက် ၂၀ နီးပါးရှိနေပြီ။ ဘာမှ မကြားရသလို ဘယ်မှာ ထိန်းသိမ်ထားတယ်ဆိုတာလည်းမသိရဘူး။ သူအမေကလည်း ရောဂါအခံရှိတော့ အခု သူသားစိတ်နဲ့ ပိုပြီးနေမကောင်းဖြစ်နေတယ်။ ဘာမှ အပြစ်မရှိတဲ့ ပြည်သူတွေကို အမြန်ဆုံး ပြန်လွတ်ပေးစေချင်တယ်”ဟုပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်က ဖမ်းဆီးခံထားရသူ ၈ ဦးထဲမှာ ပေါက်တောပြင် ကျေးရွာက အသက်မပြည့်သေးသည့် ကလေးတစ်ဦးလည်း ပါဝင်သည်။
ပုဏ္ဏားကျွန်မြို့တွင် ဇွန်လ ၁၆ရက်နေ့က စစ်ကောင်စီ တပ်သား တစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် စစ်ကောင်စီက အရပ်သား ၈ ဦးပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဇွန်လအတွင် ရခိုင်ပြည်နယ်က မြို့နယ် ၄ ခုတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၄၅ ဦးရှိခဲ့ပြီး အသက်မပြည်သေးသူ ၅ ဦးနဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးပါဝင်သည်ဟု ရက္ခိုင်တပ်တော် AA ကထုတ်ပြန်ခဲ့သည်။
Western News- WN
https://www.facebook.com/westernnewsagency/posts/555120159627826