By Western News /2022 July 02
စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံထားရသော ပလက်ဝဒေသခံ ၅ ဦးအနက် ၂ ဦးကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅-က ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။
တရားစွဲဆိုခံထားရသူနှစ်ဦးမှာ ပလက်ဝမြို့၊ ပလုတ်တောင်ရပ်ကွက်မှ ဦးမောင်မဲကျော့နှင့် ဦးမောင်ဝင်း တို့ဖြစ်ကြသည်။
၄င်းတို့ ၂ ဦးအား လာမည့် ဇူလိုင် ၁၅ ရက်နေ့ကို ရုံးချိန်းထားသည်ဟု ဦးမောင်မဲကျော့၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ဦးမောင်မဲကျော့နှင့် ဦးမောင်ဝင်းကတော့ မလွတ်သေးဘူး။ ရဲဖက်ကိုတော့ လွှဲပြောင်းပေးထားပါတယ်။ ဇွန် ၂၈ ရက်နေ့က ရဲဖက်ကို ပြောင်းပေးလိုက်တယ်။ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ ရုံးတင်ပါတယ်။ အဲဒီချိန်မှာ မိသားစုဝင်နဲ့ သုံးမိနစ်လောက်ပဲ တွေ့ခွင့်ပေးတယ်။ ၅၀၅-က နဲ့ စွဲဆိုထားတယ်လို့ သိရတယ်။ အဲနေ့က ရမန်ယူပြီးတော့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ရုံးတင်မယ်လို့ သိရတယ်” ဟု ပြောသည်။
သူတို့နှစ်ဦးအား ၅၀၅ -က ဖြင့် တရားစွဲဆိုထားသည်မှာ မှန်ကန်သည်ဟု ဦးမောင်ဝင်း၏ မိသားစုဝင်တစ်ဦးကလည်း ပြောသည်။
“သူတို့က အခု အချုပ်ခန်းထဲမှာပါ။ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ ပြောတယ်”ဟု ပြောသည်။
၎င်းအပြင် အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်နှင့် ကျေးရွာသား ဦးအိုင်လှတို့ကိုယမန်နေ့ နံနက်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဦးမောင်မဲကျော့မိသားစုဝင်တစ်ဦးက “ကျမတို့ သိရသလောက် ၅ ယောက်အဖမ်းခံရတယ်လို့ သိရတယ်။ မနေ့ကတော့ အဘောင်သားအုပ်ချုပ်ရေးမှူးနှင့် ဦးအိုင်လှကို လွှတ်ပေးလိုက်တယ်လို့ ပြောသံကြားတယ်” ဟု ပြောသည်။
ဦးမောင်မဲကျော့နှင့် ဦးမောင်ဝင်းတို့အား ဇွန်လအတွင်းက စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ အဘောင်သားကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်၊ ဦးအိုင်လှနှင့် ဦးချစ်စိန်တို့ကို ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်သားများက အဘောင်သားကျေးရွာအတွင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မေလ ၂၆ ရက်နေ့က အဘောင်းသားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
https://www.facebook.com/westernnewsagency/posts/555094826297026