By Voice Of Westland/2022 July 16
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့လကထက်
ဆန်ဈေးနှုန်းတွေ လျော့ကျသွားပေမယ့် စက်သုံးဆီဈေးနှုန်းကတော့ လျော့ကျသွားတာမရှိသေးဘူးလို့ ပလက်ဝဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ ပလက်ဝမြို့မှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ဈေး ၈၅၀၀၀ ကျပ် ၊ ၉၀၀၀၀ ကျပ်နီးပါးအထိ
ရှိခဲ့ရာက အခုဇူလိူင်လလယ်ပိုင်းကစလို့ ၆၅၀၀၀ ကျပ်နှုန်းအထိ ကျဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆန်စျေးနှုန်းအတိုင်းအတာတစ်ခုထိလျော့ဆင်းသွားပေမယ့် စက်သုံးဆီတစ်ဂါလံကို ၂၂၀၀၀ ကျပ်၊ တစ်လီတာကို ၅၅၀၀ ကျပ်ထိပေးဝယ်နေရဆဲဖြစ်တယ်လို့ ပလက်ဝမြို့ခံ ဦးအေးသောင်းက VOW ကိုပြောပါတယ်။
” ခုတော့ပုံမှန်ပုံစံဖြစ်နေပေမဲ့ ဆီကတော့လုံးဝမတင်ရလို့။ မျှောစာမပေးလို့လေ။ ထွေအုပ်မှာမျှောစာတင်ရတယ်။ ထွေအုပ်ကတစ်ဆင့် တပ်မကိုတင်ရတယ်။ ပလက်ဝတပ်မကတစ်ဆင့် တစ်ခြားတိုက်နယ်ကိုတင်ရတယ်။ မုန့်ပဲသရေစာနဲ့သွားရင်မျှောတင်စရာမလိုဘူး။ တခြားပစ္စည်းနဲ့သွားရင် မျှောတင်ရတယ်။ အဲဒါကမကျလို့ စက်သုံးဆီတစ်ဂါလံကို ၂၂၀၀၀ ကျပ်နဲ့ ဝယ်သုံးနေရတုန်းဘဲ။ တစ်လီတာဆို ၅၅၀၀ ကျပ်နဲ့ပေါ့”လို့ဆိုပါတယ်။
ကျောက်တော်မြို့နယ်က ချင်းပြည်နယ် ပလက်ဝမြို့ကို တစ်ပတ်တစ်ကြိမ် ပြေးဆွဲနေတဲ့ ဇက်ရေယာဉ်ပုံမှန်ပြေးဆွဲနေပေ
မယ့် တခြားစက်လှေတွေသွားလာခွင့်ကန့်သတ်ထားခံရခြင်း ၊ ဆီတင်သွင်းခွင့်မျှောစာတင်သွင်းရာတွင် အချိန်ကြန့်ကြာနေမှုတွေကြောင့် ဆီဈေးအဆမတန်မြင့်တက်နေရတာဖြစ်တယ်လို့ သူကပြောပါတယ်။
ကုလားတန်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို ပလက်ဝမြို့နယ် ၂၈၉ တပ်ရင်းက ပိတ်ပင်ကန့်သတ်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်ပြီးနောက်မှာ လက်ရှိမှာ ဆန်သယ်ယူတဲ့အခါ စားသုံးသူအိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တွေ တင်သွင်းပြီးမှသာ သယ်ယူခွင့်ရတယ်လို့
ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။
” ဆန်ရောင်းတဲ့ ဆိုင်သည်တွေက စားသုံးဖို့ မိသားစုမှတ်ပုံတင်တွေကို စာရင်းပြုစုပြီး မျှောစာတင်တာမှာပါရတယ်။ အဲဒီအခါမှ သူတို့ကချပေးတယ်။ ဆီကျတော့ စက်လှေတွေနဲ့အလွတ်တင်သွားလို့လည်းမရဘူး။ ဇက်မှာ ၁ ဂါလံ ၂ ဂါလံထက် အပိုသယ်ခွင့်မရတာတွေကြောင့်ရယ် မျှောစာတင်ရတာကြောင့်ရယ် ထင်ပါတယ်”လို့ပြောပါတယ်။
ပလက်ဝမြို့နယ်တွင် မေလအတွင်းက မြန်မာစစ်တပ်နဲ့ရက္ခိုင့်တပ်တော် AAတို့အကြား တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရေကြောင်းသွားလာမှုနဲ့ ကုန်သွယ်ခွင့်ကို မြန်မာစစ်တပ်က ပိတ်ထားခဲ့တာကြောင့် ကုန်ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းတွေ အဆမတန်မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။