ပလက်ဝဒေသခံနှစ်ဦးကို ရုံးထုတ်၊ ငွေကြေးအခက်အခဲကြောင့် ရှေ့နေ မငှားနိုင်ဖြစ်နေ

By Western News /2022 July 15

နိုင်ငံတော်ဆူပူလှုံဆော်မှု ဥပဒေပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝဒေသခံနှစ်ဦးကို ရုံးချိန်းထားသည့်နေ့ ၂ ရက်စော၍ ရုံးထုတ်ခဲ့ပြီး လာမည့် ဇူလိုင် ၂၃ ရက်နေ့သို့ ထပ်မံချိန်းလိုက်သည်ဟု မိသားစုဝင်များကပြောသည်။

တရားစွဲဆိုခံထားရသူနှစ်ဦးမှာ ပလက်ဝမြို့၊ ပလုတ်တောင်ရပ်ကွက်မှ ဦးမောင်မဲကျော့နှင့် ဦးမောင်ဝင်းတို့ကို ယနေ့ဇူလိုင် ၁၅ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဟု ပြောဆိုထားသော်လည်း ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကတည်းကပင် ၎င်းတို့အား ရုံးထုတ်ခဲ့သည်။

ဦးမောင်မဲကျော့၏ သမီးဖြစ်သူက” အစကတော့ သူတို့က ၁၅ ရက်နေ့ ရုံးချိန်းလို့ပြောတယ်။ ဒါပေမဲ့ ၁၃ ရက်နေ့က ရုံးတင်ပါတယ်။ မိသားစုတွေနဲ့တော့ ၅ မိနစ်လောက်တွေ့ခွင့်ရလိုက်ပါတယ်။ ထူးခြားမှုကတော့ မရှိဘူး။ စစ်ဆေးမှုလည်းမရှိဘူး။ ၂၃ ရက်နေ့ကို ထပ်ပြီးတော့ ရုံးချိန်းလိုက်တယ်။ စစ်တပ်ဖက်က တရားလိုလည်းမရောက်ဘူး”ဟုပြောသည်။

ထို့အပြင် ၄င်းတို့မှာ ဆင်းရဲနွမ်းပါးသော မိသားစုများဖြစ်ကြသည့်အတွက် ရှေ့နေငှာရမ်းဖို့အတွက် အဆင်မပြေဖြစ်နေသည်ဟုလည်း သူမကဆက်ပြောသည်။

“ကျမတို့ဖက်က ရှေ့နေတွေမရှိသေးဘူး။ ကျမတို့မှာ ရှေ့နေငှားနိုင်တဲ့ အင်အားလည်းမရှိဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ ရှေ့နေလည်း မငှါးနိုင်ဘူး”ဟု ပြောသည်။

၎င်းတို့ နှစ်ဦးကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ပြီး ဇွန် ၂၈ ရက်နေ့တွင် ရဲဖက်သို့ လွှဲပြောင်းခဲ့ကာ ဇွန် ၂၉ ရက်နေ့တွင် ရုံးတင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိသူတို့ ၂ ဦးအား ပလက်ဝမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၄င်းတို့နှစ်ဦးအား စွဲဆိုထားသည့်ပြစ်မှုအား အလျင်အမြန် စစ်ဆေးပေးစေချင်သည်ဟုလည်း သူကပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဖြစ်ပွားခဲ့သည့် လူဖမ်းပွဲဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရသော အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီဖက်မှ ၅၀၅ ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

https://www.facebook.com/westernnewsagency/posts/563955775410931

Leave a Reply

Your email address will not be published.