By DMG /2022 July 17

တစ်နိုင်ငံလုံးတွင် စက်သုံးဆီးဈေးနှုန်း အနည်းငယ်လျော့ကျလာ သော်လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စက်သုံးဆီဈေးနှုန်းများမှာ လျော့ကျခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ဇူလိုင် ၁၆ ရက်နေ့ ချင်းပြည်(ဟားခါး)တွင် စက်သုံးဆီ 92 (အောက်တိန်း)တစ်လီတာကို ၂၀၀၀ ကျပ်၊ 95(အောက်တိန်း) တစ်လီတာကို ၂၀၅၀ ကျပ်၊ HSD(500 ppm)တစ်လီတာကို ၂၄၃၅ ကျပ်၊ HSD(50 ppm) တစ်လီတာကို ၂၄၉၀ ကျပ်နှင့် HSD(10 ppm) တစ်လီတာကို ၂၄၉၀ ကျပ်အထိ ဈေးနှုန်းလျှော့ချရောင်းရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
သို့သော် ပလက်ဝမြို့ပေါ်တွင် အောက်တိန်းတစ်လီတာကို ကျပ်ငွေ ၅၀၀၀ ကျော်အထိရှိနေသဖြင့် အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်စေကြောင်း ပလက်ဝဒေသခံ ကိုမောင်ဖြူ က DMG သို့ပြောသည်။
“ဆီဈေးတက်နေတာကတော့ ၁ လလောက်ရှိပြီ။ အခုဆိုရင် အောက်တိန်း တစ်လီတာ ၅၀၀၀ ကျော်ရှိတယ်။ ပလက်ဝမှာက စက်သုံးဆီဈေးတစ်ခုတည်း မဟုတ်ပါဘူး။ လူသုံးကုန် အကုန်လုံးကဈေးတက်နေတာ။ ကျွန်တော်တို့လို လက်လုပ်လက်စားသမားတွေက ပိုပြီးတော့ အခက်အခဲတွေရှိတာပေါ့”ဟု ၎င်းကဆိုသည်။
ထိုသို့ ဆီဈေးမြင့်တက်ခြင်း၏ အကျိုးဆက်အဖြစ် လျှပ်စစ်မီးကို အားကိုးပြုနေရသည့်လုပ်ငန်းခွင်များ ထိခိုက်နစ်နာမှုရှိနေပြီး ဒေသတွင်း ခရီးသွားလာရေးတွင် စရိတ်စခများ အဆမတန်ပေးနေရကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။
ပလက်ဝဒေသခံ ကိုမင်းအောင်က “အခုဆိုရင် ဆီဈေးတက်တော့ ဒေသခံတွေအနေနဲ့ အခက်အခဲတွေရှိတာပေါ့။ အရင်တုန်းက ရွှေပြည်ကိုစက်လှေနဲ့သွားရင် ၂၀၀၀၀ လောက်ပဲပေးရတယ်၊ အခုက ၄၀၀၀၀ ကျော်ပေးရတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ ဆီဈေးတွေကျစေချင်တာပေါ့”ဟု ၎င်းကဆိုသည်။
ထိုသို့ ပလက်ဝဒေသတွင် စက်သုံးဆီဈေးမြင့်တက်နေမှု၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ၊မရှိ ကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးကို DMG က ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။
မြန်မာနိုင်ငံတဝှမ်းတွင် သတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်း စက်သုံးဆီဈေးနှုန်းများကို လျှော့ရောင်းရန်နှင့် နေ့စဉ်ထုတ်ပြန်လျှက်ရှိသော ဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိပါက ဖုန်းနံပတ် ၀၆၇-၄၀၉ ၈၈၁၊ ၀၆၇-၄၁၁ ၁၂၉၊ ၀၉- ၆၉၉ ၆၁၁ ၁၁၆ နှင့် ၀၉-၄၄၀ ၄၃၃ ၅၃၃ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
# R007
https://www.facebook.com/dmgnewsagency/posts/2343729635779434