By Western News /2022 July 08

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်း အောင်မင်္ဂလာတောင်ထိပ်ပေါ်တွင် အထိုင်ချတပ်စွဲနေထိုင်သည့် မြန်မာစစ်တပ်က ယခုရက်ပိုင်းများအတွင်း ရိက္ခာများ စုဆောင်းလာနေ၍ စိုးရိမ်လာနေကြကြောင်း ပန်းမြောင်းဒေသခံများက Western News ကို ပြောသည်။
အင်းအား ၁၀၀ ခန့်ရှိသည့် ၎င်းအောင်မင်္ဂလာတောင်ထိပ်ပေါ်တွင် စစ်ကောင်စီတပ်သားများသည် အခုရက်ပိုင်းများတွင် ပုံမှန်သွားလာနေခြင်းနှင့် မတူဘဲ အင်အား ၃၀ ကနေ ၄၀ အထိတောင်ထိပ်ကနေ ဆင်းလာပြီး ရိက္ခာများ အပြောင်းအရွေ့ လုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။
မြောက်ဦးမြို့ပေါ်ကနေတဆင့် စက်လှေများဖြင့် အဆိုပါ ရိက္ခာများကို သယ်ဆောင်လာပြီး စက်လှေပေါ်များတွင် တာရှည်ခံ အစားစာများဖြစ်ကြသည့် ခေါက်ဆွဲထုပ်များ၊ မုန့်ထုပ်များနှင့် ဆေးဝါးများစသည့် ပါဆယ်ထုပ်ကြီးများကို နေ့စဉ် ရက်ဆက်ပြောင်းရွှေ့နေကြကြောင်းအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“စျေးနဲ့ ဘုတ်ဆိပ် ပြီးတော့ အောင်မင်္ဂတောင်ထိပ်နဲ့ ကပ်နေတာလေ။ စက်လှေနဲ့ ပစ္စည်းတွေ တစ်လျှောက်သယ်လာတယ်။ မြောက်ဦးဖက်ကသယ်လာတယ်။ ခေါက်ဆွဲထုပ်ပါတယ်။ တာရှည်ခံမုန့်ထုပ်တွေပါတယ်။ ပါဆယ်အထုပ်ကြီးအသေးတွေနည်းတာမဟုတ်ဘူး။ ဆေးဝါးတွေလည်းအများကြီးပဲ။ မနေ့ကဆိုရင် စက်လှေသုံးစီးနဲ့ အပြည့်ပဲ။ ဒီနေ့လည်းပဲ စက်လှေ နှစ်စီးနဲ့ ရိက္ခာအပြည့်ပဲ”ဟုပြောသည်။
ပြီးခဲ့သည့် လပိုင်းများက ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်က စစ်ကောင်စီ တပ်သားများသည် မနက်ပိုင်းများတွင် လက်နက်အပြည့်အစုံဖြင့် တပ်သား ၂၀ ဦး လောက်သည် စျေးဝယ်ရန်ဆင်းလာကြသော်လည်း အခုရက်ပိုင်းများတွင် စစ်ကောင်စီ တပ် ၄၀ ဝန်းကျင်က ရိက္ခာများအား နေ့စဉ်လိုလိုသယ်ဆောင်နေကြသည်ကိုတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။
ပုံမှန်သွားလာနေကြသည့်မဟုတ်ဘဲ ရိက္ခာများအဆမတန် စက်လှေများဖြင့် ပို့ဆောင်လာသည်အတွက် ဒေသခံများ စိုးရိမ်နေကြကြောင်း အမည်မဖော်လိုသည့် နောက်ထပ် ပန်းမြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အရင်ကဆိုရင် ပန်းမြောင်းမြို့ထဲကို စစ်သားတွေက ဆင်းလာပြီး ရိက္ခာတွေ ဝယ်ကြတာများတယ်။ အခုတော့သူတို့ ဒီက မဝယ်ကြတော့ဘူး။ အရင်တုန်းကတော့ ပန်းမြောက်အရှေ့ဖက်ကို စစ်ဆင်ရေးဘာတွေထွက်တယ်ဆိုရင် ဒီလိုဘဲ ပန်းမြောင်း စျေးသည်တွေဆီက ဝယ်နေကြပါ။ အခုတော့ သူတို့မဝယ်ကြတော့ဘူး။ အခုကတော့ဒေသခံတွေစိုးရိမ်မှုရှိကြတာပေါ့။ ဒီလောက်ရိက္ခာအများအပြားသယ်နေတာကို မြင်ရတော့လေ။ ကျမတို့ကတစ်ခုခုဖြစ်မလားပေါ့”ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ် ၂၄ ရက်နေ့ စစ်တပ်အထိုင်ချထားသည့် အောင်မင်္ဂလာတောင်ထိပ်ကနေ လှမ်းပစ် လိုက်သည့် လက်နက်ကြီးကျည်ကျ၍ ပန်းမြောင်းစာသင်ကျောင်းရပ်ကွက်မှ မိသားစုဝင် ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AAတို့ ပြီးခဲ့သည့် ရခိုင် တိုက်ပွဲကာလအတွင်း အဆိုပါ ပန်းမြောင်းဘုရားတောင်ပေါ်က လက်နက်ကြီးဖြင့် လှမ်းပစ်သဖြင့် ဒေသခံများ နီးစပ်ရာနေရာများသို့ ကြောက်လန့်ထွက်ပြေးခဲ့ရသည်။
လက်ရှိတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် ၂၀ ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သာ ၂ ဦးအစရှိသူများကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သည်။
ယင်းဖြစ်စဉ်များအတွင်းတွင်လည်း စစ်ကောင်စီဖက်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များမှ အရပ်သား ၄၅ ဦးထက် မနည်းဖမ်းဆီးခဲ့ပြီး တစ်ချို့ကို မြို့နယ်အသီးသီးက ရဲစခန်းများတွင် အမှုဖွင့်ထားသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AAတို့သည် ယခင်လများမှ စ၍ နှစ်ဖက်တင်းမာမှုရှိနေပြီး အပြန်အလှန် ဖမ်းဆီးနေမှုကြောင့် ဒေသခံတစ်ချို့သည် မိမိနေရပ်မှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/559063939233448