By Voice Of Westland/2022 July 01
(၁၈၂၄)-ခုနှစ် ပထမအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီးနောက် ရခိုင်နှင့်တနင်္သာရီဒေသတို့သည် အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီလက်အောက်ခံနယ်မြေအဖြစ် အစောဆုံးကျရောက်ခဲ့ရပြီး နယ်ချဲ့အင်္ဂလိပ်တို့က ရုံးစိုက်ကာ နေ ထိုင်ခဲ့ကြသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် အင်္ဂလိပ်နယ်ချဲ့ကိုလိုနီတို့တည်ဆောက်ခဲ့သော နှစ်တစ်ရာကျော် သက်တမ်းရှိနေပြီဖြစ်သည့် ရှေးဟောင်းအဆောက်အဦများစွာရှိနေသည်။ ရန်ကုန်မြို့ရှိ နှစ်တစ်ရာကျော် ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အဦများ၌ အပြာရောင်ကမ္ဗည်းများ တပ်ဆင်ထားပြီးလျင် ရှေးဟောင်းအဆောက် အဦအဖြစ် သတ်မှတ်လိုက်သည့်အတွက် အသစ်ပြုပြင်ခြင်းနှင့်ဖြိုဖျက်တော့မည်ဆိုပါမှု ရှေးဟောင်းသုတေသန ဌာန၏စည်းကမ်းချက်များအတိုင်း ခွင့်ပြုအမိန့်ကို ယူရတော့မည်လည်းဖြစ်သည်။ စာရေးသူတို့ စစ်တွေမြို့ရှိ နှစ်(၁၀၀)ကျော် အဆောက်အဦများအား ဤသို့အပြာရောင်ကမ္ဗည်းများ တပ်ဆင်ထားခြင်းမရှိ၍များလား တချို့ ကိုယ်ပိုင်အဆောက်အဦများအား ဖြိုဖျက်မှုများ ရှိလာနေကြသည်။
စစ်တွေမြို့ပေါ်၌ နှစ်(၁၀၀)ကျော်သက်တမ်းရှိ ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အဦများအား ယခုထက်တိုင် ရုံးနှင့်လူနေအိမ်များအဖြစ် အသုံးပြုမှု ရှိနေကြဆဲဖြစ်သည်။ ပထမအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး ရခိုင်ဒေသကို နယ်ချဲ့အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် ရခိုင်ဒေသကို အလွယ်တကူအုပ်ချုပ်နိုင်ရန် စစ်တွေအကျဉ်း ထောင်ကို ၁၈၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့က စစ်တွေအကျဉ်းထောင်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စစ်တွေအကျဉ်းထောင်သည် ပြည်တော်သာရပ်ကွက် ဗောဓိလမ်းတွင်တည်ရှိပြီး အုတ်၊ သစ်သား၊ သွပ်မိုး အဆောက်အဦအမျိုးအစားဖြစ်သည်။
အဆောက်အအုံ၏ အနောက်ဘက်တွင် အစိုးရဧည့်ဂေဟာ၊ မြောက်ဘက်တွင် ကွန်ပျူတာတက္ကသိုလ်နှင့် ရွှေနလုံးတော်ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတို့ရှိသည်။ ၁၈၇၃- ခုနှစ်တွင် ၁၅-ပေ မြင့်သော ထောင်နံရံကိုတည်ဆောက်ခဲ့ပြီး ၁၈၇၅- ခု နှစ်တွင် ယခု လက်ရှိထောင်အကျယ်အဝန်းအတိုင်း တိုးချဲ့ခဲ့ခြင်းအား သိရှိရသည်။ ၁၉၇၄ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် စစ်တွေ ထောင်အား (က) အဆင့် အကျဉ်းထောင်အဖြစ် သတ်မှတ်ခဲ့သည်။
၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရခိုင်ဒေသ၏ မြို့တော်မြောက်ဦးမြို့အစား ပင်လယ်ထွက်ပေါက် ဆိပ်ကမ်းရှိနေသော ကျွန်းဖြစ်နေသည့် စစ်တွေဒေသကို မြို့တော်အဖြစ် စစ်တွေမြို့ကို တည်ထောင်စအချိန်က စ၍ စစ်တွေ ဆိပ်ကမ်းကိုဖွင့်လှစ်၍ ကုန်သွယ်ရောင်းဝယ်မှုပြုခဲ့ရာ ယခုမြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးကို ၁၈၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ စစ်တွေဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ရှေးအကျဆုံး ဆိပ်ကမ်းကောင်းတစ်ခုဖြစ်ခဲ့သည်။ ၎င်းဆိပ်ကမ်းနှင့်အတူ ယခု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးကိုတည်ဆောက်ခဲ့သည်။ အုတ်ကာ၊ သွပ်မိုး အမျိုးအ စားဖြစ်ပြီး အဆောက်အအုံ၏ တံခါးပေါက်နှင့်ပြူတင်းပေါက်များပေါ်ရှိ အုတ်နံရံများတွင် မုဒ်ပေါက်သဖွယ် တန်ဆာဆင်ထားကာ ကိုလိုနီခေတ်လက်ရာ (၂) ထပ် အဆောက်အအုံ အမျိုးအစားဖြစ်သည်။ အလျား -၈၅ ပေ၊ အနံ-၃၈ ပေ၊ အမြင့် ၃၆ ပေရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသည် စစ်တွေမြို့ မြူနီစပယ်ဈေးကြီးအနီး၊ ကမ်းနားလမ်း၊ ကျေးပင်ကြီးရပ်ကွက်တွင်တည်ရှိကာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးအဖြစ် ယခုထက်တိုင် အသုံးပြုလျက်ရှိသည်။
(၂)
စစ်တွေစာတိုက်သည်လည်း ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့က အင်္ဂလန်နိုင်ငံရှိ ဝိတိုရိယဘုရင်မ၊အိန္ဒိယအစိုးရ၊ ရန်ကုန်မြို့တော်ဝန်တို့နှင့် ဆက်သွယ်မှုပြုလုပ်နိုင်ရန် စစ်တွေစာတိုက်ကို ၁၈၂၇-ခုနှစ်က အင်္ဂလိပ်ကိုလိုနီတို့ တည်ဆောက်ခဲ့သည်။ စစ်တွေစာတိုက်သည် ကျေးပင်ကြီးရပ်ကွက်ရှိ ကမ်းနားလမ်းနှင့်ရှုခင်းသာလမ်းထိပ်တွင်တည်ရှိသည်။ စာတိုက်၏ ရှေ့မျက်နှာစာတွင် စစ်တွေမြို့ပြည်သူ့ဆေးရုံရှိပြီး ညာဘက်တွင်အာရီယန်စားသောက်ဆိုင်တို့ရှိသည်။ စစ်တွေစာတိုက်အဆောက်အအုံကို စာတိုက်အဖြစ် အသုံးမပြုမီ ခရိုင်တရားသူကြီးရုံးအဖြစ် စတင်ဆောက်လုပ်အသုံးပြုခဲ့ကြသေးသည်။
အင်္ဂလိပ်နယ်ချဲ့တို့သည် သူတို့၏ အုပ်ချုပ်ရေးနှင့်စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် ၁၈၆၄ ခုနှစ်တွင် စာတိုက်နှင့်ကြေးနန်း လုပ်ငန်းကို လုပ်ကိုင်လာခဲ့ရာ ယခင် တရားသူကြီးရုံးဟောင်းကို စာတိုက်အဖြစ်အသုံးပြုခဲ့သည်။ စစ်တွေစာတိုက်မှ ရခိုင်တိုင်းရှိဒေသအသီးသီးသို့ စာပေးစာယူပြုလုပ်ခဲ့ပြီး ရန်ကုန်နှင့်အိန္ဒိယနိုင်ငံရှိ ကာလကတ္တားမြို့များသို့လည်း တစ်ပတ်လျှင် နှစ်ကြိမ်ကျနှင့် ဗြိတိန်နှင့်အိန္ဒိယရှိ မြို့များသို့ မီးသင်္ဘောကြီးများဖြင့် စစ်တွေစာတိုက်မှ ဖြန့်ဝေပေးနိုင်ခဲ့သည်။အုတ်ကာ၊ သွပ်မိုး အဆောက်အအုံအမျိုးအစားဖြစ်ပြီး ဆင်ဝင်ပေါက်ပြုလုပ်ထားသည်ကို တွေ့ရသည်။ တိုင်တစ်လုံးကိုဗဟိုပြု၍ ကြောင်လိမ်လှေကား တပ်ဆင်အသုံးပြုထားသည်။ အဆောက်အုံမှာ အလျား ၈၅ ပေ ၊ အနံ ၆၀ ပေ နှင့် အမြင့် ၃၀ ပေ ရှိသည်။
ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံတစ်ခု ဖြစ်သည့် St. Mark’s Cathedred ဘုရားရှိခိုးကျောင်း အဆောက်အအုံသည် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းဘေးတွင်တည်ရှိသည်။ ကိုလိုနီခေတ် (၁၈၅၀) ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ တောင်ဘက်တွင် ခရိုင်အထွေ ထွေအုပ်ချုပ်ရေးရုံးတို့ရှိသည်။
၁၈၂၅- ခုနှစ်တွင် စစ်တွေမြို့၌ အင်္ဂလိပ်စစ်သားများ နှင့် အစိုးရဝန်ထမ်းများ အခြေ ချနေထိုင်ခဲ့ကြပြီး အများစုမှာ ခရစ်ယာန်ဝန်ထမ်းများဖြစ်ခဲ့ကြသည်။ ၁၈၅၀- ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၈၅၃-ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၁၈၅၅- ခုနှစ်တွင် ကာလကတ္တား သာသနာပိုင်ကြီး ဝီလ်ဆင်က အနုမောဒနာပြုခဲ့သည်။ ၁၉၅၅- ခုနှစ်က ကျောင်း၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲကို ထိုဘုရားကျောင်း ဝင်းထဲတွင် ပြုလုပ်ခဲ့သည်။ ၁၉- ရာစု ခရစ်ယာန် ဘာသာရေးဆိုင်ရာဗိသုကာလက်ရာဖြစ်ပြီး ကသီဒြပ်ဘုရားကျောင်းကြီး ပုံစံအတိုင်း အုတ်၊ သစ်သား၊ သွပ်မိုး တို့ဖြင့် ဆောက်လုပ်ထားသည်။ အလျား ၉၉ ပေ၊ အနံ ၅၃ ပေ၊ အမြင့် ၂၆ ပေ ရှိသည်။
စစ်တွေမြို့ပေါ်၌ နှစ် (၁၀၀) ကျော်ရှိနေသည့် ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံများထဲ၌ ခရစ်ယာန် ဘာသာဘုရားရှိခိုးကျောင်း နောက်တစ်ခုဖြစ်သည့် ရွှေနလုံးတော်ဘုရားကျောင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ကိုလိုနီခေတ် ၁၈၆၂- ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ပြည်ထောင်စုလမ်းပေါ် တွင်ရှိသည်။ အဆောက်အအုံ၏ ရှေ့မျက်နှာစာတွင်စစ်တွေအကျဉ်းထောင်၊ အနောက်ဘက်တွင် ကွန်ပျူတာတက္က သိုလ်ရှိသည်။ ကိုလိုနီခေတ်တွင် စစ်တွေမြို့၊ ရွှေနလုံးတော်ဘုရားကျောင်း၌ အင်္ဂလိပ်လူမျိုးများအပြင် ပေါ်တူဂီ၊ပြင်သစ်၊အမေရိကန် ဘုန်းတော်ကြီးများက စဉ်ဆက်မပြတ်နေထိုင်ခဲ့ကြ သည်။
(၃)
၁၉၇၀- ခုနှစ် နောက်ပိုင်းကစပြီး တိုင်းရင်းသား ခရစ်ယာန်ဘုန်းတော်ကြီးများက ထိန်းသိမ်းဆောင်ရွက် လျက်ရှိနေသည်။ အဆောက်အအုံပုံစံမှာ အုတ်ကာ၊ သွပ်မိုးအမျိုးအစားဖြစ်ပြီး ဆင်ဝင်ပေါက်ပြုလုပ်ထားသည်။ အဆောက်အအုံ၏ တံခါးပေါက်နှင့်ပြူတင်းပေါက်များအပေါ်ရှိ အုတ်နံရံများပေါ်တွင် မုဒ်ပေါက်သဖွယ် တန်ဆာဆင်ထားပြီး ကိုလိုနီခေတ်လက်ရာ(၂)ထပ် အုတ်တိုက်တန်းလျားရှည် အဆောက်အအုံမျိုးပုံစံဖြစ်သည်။ ရွှေနလုံးတော်ဘုရားကျောင်းအသင်းပိုင်ဖြစ်ကာ အလျား ၁၂၀ ပေ၊ အနံ ၃၅ ပေ၊ အမြင့် ၃၅ ပေ ရှိသည်။
စစ်တွေမြို့၌ ကားပါကင်အကျယ်ကြီးထားရှိသော မြတည်းခိုရိပ်သာသည် ကျောင်းကြီးလမ်းရပ်ကွက်၊ ဗောဓိလမ်းတွင်တည်ရှိသည်။ ကိုလိုနီခေတ် အဆောက်အအုံဖြစ်ပြီး ၁၈၆၂- ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ဤ အ ဆောက်အအုံကို ရခိုင်လူမျိုးသူဌေးကြီး ဦးဖထော်က အင်္ဂလန်နိုင်ငံမှ အင်ဂျင်နီယာများဖြင့် ဆောက်လုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျပန်ကင်ပေတိုင်ရုံးအဖြစ် အသုံးပြုခဲ့သေးသည်။ ၁၉၈၂- ခုနှစ် တွင် ဦးမောင်ကျော်ဇံထံမှ ဦးထွန်းညိုတို့မိသားစုကဝယ်ယူခဲ့ကာ ၁၉၈၄ -ခုနှစ်တွင် မြတည်းခိုရိပ်သာအဖြစ် အသုံးပြုခဲ့သည်။ အလျား ၈၅ ပေ ရှိပြီး ၊ အနံ ၆၀ ပေ နှင့် အမြင့်ပေ ၃၀ ပေ ရှိသည်။ အဆောက်အအုံမှာ အုတ်ကာ၊ သွပ်မိုး အမျိုးအစား ဖြစ်သည်။
ကိုလိုနီခေတ် အခန်းနှစ်ခန်းပါဆေးရုံမှ ယခုအခါ ကုတင်(၅၀၀)ဆန့် ဆေးရုံတစ်ခုဖြစ်လာနေသည့် စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ကိုလိုနီခေတ် ၁၈၆၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက် လမ်း မကြီးနှင့် မေယုလမ်းထောင့်တွင်ရှိသည်။ အဆောက်အအုံ၏ တောင်ဘက်တွင် စာတိုက်ကြီးရှိသည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၂၆- ခုနှစ် နောက်ပိုင်းတွင် ရခိုင်မြို့တော်ဖြစ်သော မြောက်ဦးမြို့ကို ရခိုင်၏မြို့ တော်အဖြစ်မှ ရပ်စဲပြီး ကျွန်းဖြစ်နေသည့် စစ်တွေကျွန်းကို ရခိုင်တိုင်း၏မြို့တော်အဖြစ် ပြောင်းရွေ့တည် ထောင်ခဲ့သည်။ သူတို့၏ ကျန်းမာရေးအတွက် ၁၈၆၄- ခုနှစ်တွင် အခန်းနှစ်ခန်းပါဆေးရုံကို စတင်တည်ဆောက်ခဲ့သည်။ တစ်ခန်းကို ဥ ရောပတိုက်သားများအတွက် နေရာယူထားပြီး နောက်တစ်ခန်းအား အိန္ဒိယလူမျိုးများအတွက်ဖြစ်သည်။ ၁၈၇၉- ခုနှစ်တွင် ခုတင် (၄၆)ဆန့်သော အဆောက်အအုံတစ်လုံးကို ထပ်မံဆောက်လုပ်ခဲ့သည်။ ၁၉၀၆- ခုနှစ်တွင် ခုတင် (၁၂၀)ဆန့် အဆောက် အအုံကိုတိုးချဲ့တည်ဆောက်ခဲ့ကြပြန်သည်။ မိန်းမလူနာနှင့်သားဖွားအခန်းကို စေတနာရှင် အလှူရှင်များဖြစ်ကြသော မစ္စတာမာရကန်နှင့် ရခိုင်လူမျိုးဆာဘွဲ့ရသူဌေးကြီး ဦးရဲကျော်သူ- ဒေါ်သန္တာဖြူ မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ အဆောက်အအုံအမျိုးအစားမှာ အုတ်ကာ၊ သွပ်မိုး အမျိုးအစားဖြစ်ပြီး ဆင်ဝင်ပေါက်ပြုလုပ်ထားသည်။ အဆောက်အအုံတံခါးပေါက်နှင့် ပြူတင်းပေါက်များပေါ်ရှိ အုတ်နံရံများပေါ် တွင် မုဒ်ပေါက်သဖွယ်တန်ဆာဆင်ထားပြီး အင်္ဂလိပ်အက္ခရာ E ပုံသဏ္ဍန် ကိုလိုနီခေတ်လက်ရာ(၁)ထပ် အဆောက် အအုံဖြစ်သည်။ အလျားပေ ၂၁၀ ပေ၊ အနံ ၃၂ ပေ၊ အမြင့် ၂၃ ပေ ရှိသည်။ (စကားချပ် ၁၈၆၄- ခုနှစ်ကစတင် တည်ဆောက်ခဲ့သည့် အခန်း(၂)ခန်းသာ ပါဝင်သော ထိုဆေးရုံကိုဖျက်ပြီး ၁၉၆၀ ခုနှစ် ကျော် ကာလများက အသစ်ပြန်တည်ဆောက်ထားသည့် ယခု ကလေးလူနာအဆောင်ဟု ဖတ်ရှုနေရ)
(၄)
ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(ရခိုင်ပြည်နယ်)ရုံးအဆောက်အအုံကို ကိုလိုနီခေတ် ၁၈၆၇- ခုနှစ် တွင်တည်ဆောက်ခဲ့ပြီး စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက် မေယုလမ်းနှင့်မင်းဘာကြီးလမ်းထောင့်တွင် တည်ရှိသည်။ အဆောက်အအုံ၏ ရှေ့မျက်နှာစာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ရခိုင်ပြည်နယ်)ရုံး အဆောက်အအုံသည် ၁၈၆၇-ခုနှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီပိုင် (အိမ်ပရီးယားဘဏ်)အဖြစ် စတင်တည်ဆောက်အသုံးပြုခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဘဏ်ဝန်ထမ်းများ နေအိမ်အဖြစ်လည်း အသုံးပြုခဲ့သည်ဟုသိရှိရသည်။ ၎င်းနောက် မဆလခေတ်တွင် ရခိုင်ပြည်နယ်ဧည့်ဂေဟာအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ်စစ်မှုထမ်းဟောင်းရုံးအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ်စာပုံနှိပ်တိုက်အဖြစ်လည်းကောင်း၊ န.ဝ .တ ခေတ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်း (ရခိုင်)မှ ထိုအဆောက်အအုံအား နိုင်ငံတော်အစိုးရထံမှ တရားဝင်ဝယ်ယူခဲ့ပြီး အသင်း၏ရုံးအဖြစ်အသုံးပြုလာခဲ့ရာ ၂၀၁၀- ခုနှစ်မှ စ၍ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုး ရေးပါတီရုံးအဖြစ် ယနေ့အထိ အသုံးပြုလျက်ရှိနေသည်။ အဆောက်အအုံပုံစံသည် အုတ်ကာ၊ သွပ်မိုး အမျိုး အစားဖြစ်ပြီး ဆင်ဝင်ပေါက်ပြုလုပ်ထားသည်ကို တွေ့ရှိရသည်။ အဆောက်အအုံ၏ တံခါးပေါက်နှင့်အုတ်နံရံများတွင် မုဒ်ပေါက်သဖွယ်တန်ဆာဆင်ထားပြီး ကိုလိုနီခေတ်လက်ရာ(၂)ထပ် အဆောက်အအုံမျိုးပုံစံဖြစ်သည်။ အလျား ၆၈ ပေ ၊ အနံ ၅၀၊ အမြင့်ပေ ၃၀ ရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးကို ကိုလိုနီခေတ် ၁၉၀၂ – ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ စစ်တွေမြို့၊ ကျောင်း ကြီးလမ်းရပ်ကွက်၊ဗောဓိလမ်းတွင်တည်ရှိသည်။ အဆောက်အအုံ၏ အနောက်ဘက်တွင် ပြည်ထောင်စုကြံခိုင်ရေးပါတီ(ရခိုင်ပြည်နယ်ရုံး) ရှိသည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၆၄- ခုနှစ်တွင် စစ်တွေမြို့ကနေ ရန်ကုန်မြို့နှင့် ကာလကတ္တားမြို့များသို့ ဆက်သွယ်မှုလုပ်ငန်းများကို စစ်တွေမြို့စာတိုက်မှ ပြုလုပ်ခဲ့သော်လည်း ၁၉၁၅ – ခုနှစ် ဇ န်နဝါရီလ(၁)ရက်နေ့ကစပြီး စစ်တွေမြို့တွင် တယ်လီဖုန်းများကို အသုံးပြုခဲ့ကြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းရုံးပုံစံမှာ အုတ်ကာ၊သွပ်မိုး အမျိုးအစားဖြစ်ပြီး ဆင်ဝင်ပေါက်ပြုလုပ်ထားသည်ကို တွေ့ရှိရသည်။ အဆောက်အဦ၏ တံခါးပေါက်နှင့် ပြူတင်းပေါက်များပေါ်ရှိ အုတ်နံရံများအပေါ်တွင် မုဒ်ပေါက်သဖွယ်တန်ဆာဆင်ထားပြီး ကိုလိုနီခေတ် လက်ရာ (၂) ထပ် အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဍန် အဆောက်အဦပုံစံမျိုး ဖြစ်သည်။ ယခုအချိန်အထိ မြန်မာ့ဆက်သွယ်ရေးရုံးအဖြစ် အသုံးပြုလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပုဂ္ဂလိကဘဏ်ကို တည်ထောင်ခဲ့သော ရခိုင်လူမျိုး သူဌေးကြီး ဦးရဲကျော်သူ ဘဏ်ကို ကိုလိုနီခေတ် ၁၈၈၆- ခုနှစ်တွင် ဦးရဲကျော်သူ တည်ဆောက်ခဲ့သည်။ အိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းတွင် ရှိသည်။ အဆောက်အအုံ၏ မြောက်ဘက်တွင် ရွှေသာဘဏ်၊ တောင်ဘက်တွင် စစ်တွေမြို့မဈေး ရှိသည်။ ကိုလိုနီခေတ် ၁၈၆၀- ခုနှစ်မှ ၁၈၈၀- ခုနှစ်အတွင်း ရခိုင်ဒေသတွင် စပါးဈေးနှုန်းကြီးမြင့်လာသဖြင့် ငွေကြေးမလုံလောက်ကြသော လယ်သမားများ၊ အလုပ်သမားများမှာ ကြွေးယူမြီကျလာကြရသဖြင့် မိမိတို့၌ရှိသော ပစ္စည်းများကိုပေါင်နှံပြီး ပေးဆပ်ရခြင်းများရှိလာရသည်။ ထို့ကြောင့် လယ်ပေါင်ခံ၊ ပစ္စည်းအပေါင်ခံနိုင်ဖို့ သူဌေးကြီး ဦးရဲကျော်သူက မြန်မာနိုင်ငံ၌ ပထမဆုံး ပုဂ္ဂလိကဘဏ်ကို ၁၈၈၆- ခုနှစ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။
(၅)
အဆောက်အဦကို သံဘောင်ဖြင့်ပြုလုပ်ထားကာ အုတ်ကာသွပ်မိုး အမျိုးအစားဖြစ်ပြီး လှေကားထစ် (၂၀) ပါရှိသည်။ ကိုလိုနီခေတ် အဆောက်အဦပုံစံ အမျိုးစားအတိုင်း တံခါးပေါက် နှင့်ပြူတင်းပေါက်များပေါ်ရှိ အုတ်နံ ရံများပေါ်တွင် မုဒ်ပေါက်သဖွယ် တန်ဆာဆင်ထားပြီး နှစ်ထပ်လက်ရာ အဆောက်အဦဖြစ်သည်။ အလျား ၈၅ ပေ၊ အနံ ၆၂ ပေ နှင့် အမြင့် ၃၀ ပေ ရှိသည်။ ( စကားချပ်- ယနေ့အချိန်တွင် ထိုအဆောက်အအုံအား ပြန်လည် ပြုပြင်နေသည်ကို အွန်လိုင်းပေါ်တွင် တွေ့မြင်နေရ)
စစ်တွေမြို့ပေါ်၌ ယခုအချိန်တွင် နာရီစင်နှစ်လုံးရှိသည့်အနက် အမှတ်(၁)ရဲစခန်းခြံဝင်းရှိ နာရီစင်ဟောင်းသည် စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ကိုလိုနီခေတ် ဗြိတိသျှဧကရီ ဝိတိုရိယဘုရင်မ၏ နန်းသက် (၅၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၁၈၈၇- ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နာရီစင်၏ အမြင့် မှာ ပေ (၇၀) ကျော် ရှိသည်။ မျက်နှာလေးဘက်စလုံး၌ နာရီပါရှိသည်။ ၁၉၈၆-ခုနှစ်တွင် စက်အသစ်ကို အစားထိုး တပ်ဆင်ခဲ့သော်လည်း ၁၉၈၈- ခုနှစ်၌ စက်ရပ်သွားခဲ့သည်။ ၂၀၁၅- ခုနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခဲ့သည်။ နာရီစင်ကိုယ်ထည်ကို သံဖြင့်တည်ဆောက်ထားပြီး သွပ်မိုးထားသည်။
ရခိုင်လူမျိုးပညာတတ်များစွာကိုမွေးထုတ်ပေးခဲ့သော အစိုးရအထက်တန်းကျောင်း အ.ထ.က(၁)အား ကိုလိုနီခေတ် ၁၈၇၅-ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက်၊ ကျောင်းကြီးလမ်းနှင့် လမ်းမကြီးထောင့်တွင်တည်ရှိသည်။ အဆောက်အဦ၏ ရှေ့မျက်နှာစာတွင် မြတည်းခိုရိပ်သာ၊ မြောက်ဘက်တွင် ဦးဥတ္တမပန်းခြံတို့ ရှိသည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် ပထမအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ရခိုင်ဒေသကို သိမ်းယူပြီးနောက် ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို အထောက်အကူပြုရန်အတွက် ၁၈၄၆- ခုနှစ်၊ စစ်တွေမြို့တွင် အစိုးရအထက်တန်းကျောင်း အ.ထ.က(၁) ကို ဖွင့်လှစ်ခဲ့ကြသည်။ ၎င်းကျောင်းမှာ သစ်သားအဆောက်အဦဖြစ်ပြီး မီးလောင်သွားသဖြင့် ၁၈၇၅-ခုနှစ်တွင် ယခုအဆောက်အဦကို အသစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉၇၃- ခုနှစ်တွင် စစ်တွေကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့ကာ ၁၉၇၇- ခုနှစ်တွင် ဒေသကောလိပ်အဖြစ် သတ်မှတ်ခဲ့သလို ၁၉၈၀-ခုနှစ်တွင် ဒုတိယပ္မိထပ်မံ၍ စစ်တွေကောလိပ်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၈၆-ခုနှစ်တွင် စစ်တွေဒီဂ ရီကောလိပ်ဖြစ်လာခဲ့သည်။ ၁၉၉၆-ခုနှစ်တွင် စစ်တွေတက္ကသိုလ်အဖြစ်တိုးမြှင့်လိုက်ပြီးဘုမေရပ်ကွက်သို့ ပြောင်းရွေ့သွားပြီးနောက် အဝေးသင်တက္ကသိုလ်ရုံးအဖြစ် အသုံးပြုခဲ့သည်။ ၂၀၁၅- ခုနှစ်တွင် အဆင့်မြင့်ပညာရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနသို့ လွဲပြောင်းပေးအပ်ခဲ့သည်။ အဆောက်အဦပုံစံမှာ အုတ်ကာ၊ သွပ်မိုး အမျိုးအစားဖြစ်ပြီး ဆင်ဝင်ပေါက်ပြုလုပ်ထားသည်ကိုတွေ့ရှိရသည်။ အဆောက်အအုံ၏ တံခါးပေါက်နှင့် ပြုတင်းပေါက်များပေါ်ရှိ အုတ်နံရံများတွင် မုဒ်ပေါက်သဖွယ်တန်ဆာဆင်ထားကာ ကိုလိုနီခေတ်လက်ရာ (၂)ထပ် အ ဆောက်အဦဖြစ်ပြီး အင်္ဂလိပ်အက္ခရာ (E) ပုံသဏ္ဍန် အဆောက်အအုံဖြစ်သည်။ ဤကျောင်းကို ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအဖြစ် အသုံးပြုရန် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြုပြင်ခဲ့သော်လည်း အဆောက်အဦ၏ အပေါ်ပိုင်း ကြံ့ခိုင်မှုမရှိသဖြင့် ယခုအခါအသုံးပြုမှုမရှိဘဲ အခြေခံပညာဦးစီးဌာနမှ ထိန်းသိမ်းထားလျက်ရှိနေသည်။ အဆောက်အအုံ၏ အတိုင်းအတာမှာ အလျား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့်ပေ ၃၄ ပေ ရှိသည်။
(၆)
နှစ်(၁၀၀) ကျော်သက်တမ်းရှိပြီဖြစ်သော်လည်း သစ်လွင်နေသည့် စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံးကို ကိုလိုနီခေတ် ၁၉၀၂- ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဘောလုံးကွင်းရပ်ကွက်၊ ဗောဓိလမ်းတွင် တည်ရှိသည်။ အဆောက်အအုံ၏ အရှေ့ဘက်တွင် ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ အနောက်ဘက်တွင် ပြည်နယ်ဥပဒေရုံးတို့ ရှိသည်။ ယခင်က တိုင်းမင်းကြီးရုံးအဖြစ်အသုံးပြုခဲ့သေးသည်။ အဆောက်အဦပုံစံ အုတ်ကာ၊ သွပ် မိုးအမျိုးအစားဖြစ်ပြီး ဆင်ဝင်ပေါက် ပြုလုပ်ထားသည်ကိုတွေ့ရသည်။ ဤအဆောက်အဦ၌လည်း တံခါးပေါက် နှင့်ပြူတင်းပေါက်များပေါ်ရှိ အုတ်နံရံများတွင် မုဒ်ပေါက်သဖွယ် တန်ဆာဆင်ထားပြီး ကိုလိုနီခေတ် လက်ရာ (၁) ထပ် အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဍာန် အဆောက်အဦပုံစံမျိုးဖြစ်သည်။ အဆောက်အအုံမှာ အလျား ပေ ၆၀ ပေ ၊ အနံ ၃၀ ပေ နှင့် အမြင့်ပေ ၂၄ ပေ ရှိသည်။
ရခိုင်လူမျိုး ဦးရဲကျော်သူ ကြွယ်ဝချမ်းသာမှုဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရသည် အိန္ဒိယလူမျိုးသူဌေးများ ကိုသာချီးမြှင့်သော သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ဦးရဲကျော်သူဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်ကို စစ်တွေမြို့တွင် ပထမဦးဆုံးတည်ထောင်ခဲ့သူဖြစ်သည်။ စီးပွားရေးအောင်မြင်လာသည်နှင့် ဘုရားတည်၊ ကျောင်းဆောက်၊ အလှူဒါန အမြောက်အမြားပြုလုပ်ခဲ့ရာ စစ်တွေမြို့ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင်နှင့် သံကျောင်း (ခ) ဦးရဲကျော်သူကျောင်းဟု အမည်တွင်လူသိများသော ဘုန်းတော်ကြီးကျောင်းကို ကိုလိုနီခေတ် ၁၉၁၇- ခု က တည်ဆောက် လှူဒါန်းခဲ့သည်။ သံထည်များဖြင့် တည်ဆောက်ထားသောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ဦးရဲကျော်သူကျောင်း ခေါ် သံ ကျောင်းသည် ၂၀၁ရ -ခုနှစ်က နှစ် တစ်ရာတိတိ ပြည့်ခဲ့သည်။
စစ်တွေမြို့ပေါ်ရှိ ဆရီဆရီဟော်ရီမောန်ဒိရ် ဟိန္ဒူဘုရားကျောင်းသည်လည်း ကိုလိုနီခေတ် ၁၉၂၀- ခုနှစ်က တည် ဆောက်ခဲ့၍ နှစ်(၁၀၀)ကျော် နီးပါးသက်တမ်းရှိ ရှေးဟောင်းအဆောက်အဦ ဘုရားကျောင်းတစ်ခုဖြစ်ပြီး ကိုလိုနီ ခေတ် ၁၉၂၀- ခုနှစ်က တည်ဆောက်ခဲ့သည်။ ကျောင်းကြီးလမ်းရပ်ကွက်၊ ချင်းပျံလမ်းတွင် တည်ရှိသည်။ အဆောက်အအုံ၏အနောက်တွင် ရေကန်ပျက်တစ်ခုရှိနေသည်။ အုတ်ကာ၊ သွပ်မိုး အဆောက်အဦဖြစ်ပြီး ၂၀၁၅- ခုနှစ်က နံရံများပေါ်တွင် ကြွေပြားကပ်ပြီး၊ ကြွေပြားခြင်းခဲ့ကြသည်။အဆောက်အဦးမှာ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၀ ပေ ရှိကာ ဟိန္ဒူဘာသာရေးကျောင်းအဖြစ် အသုံးပြုလျက်ရှိနေသည်။
(၇)
နှစ်ပေါင်း(၁၄၀) ကျော်ပြီဟု သိရှိနေရသော ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံးသည် ဆောက်လုပ်ခဲ့သောခုနှစ်ကို အတိအကျမသိရသော်လည်း ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်သည်။ ကျေးပင်ကြီးရပ်ကွက်၊ ကမ်းနားလမ်းတွင်တည်ရှိသည်။ အဆောက်အဦ၏ ရှေ့မျက်နှာစာတွင် အက်ဆာအိန္ဒိယ ကုပ္မဏီက ဆောက်လုပ်ထား၍ စစ်တွေမြို့တွင် ခေါ်ဆိုနေကြသည့် အိန္ဒိယဆိပ်ကမ်း၊ မြောက်ဘက်တွင် မြို့နယ်စည်ပင်သာယာရုံးရှိသည်။ ဤအဆောက်အဦကို သူဌေးကြီးဦးရဲကျော်သူ၏ သား ဦးရွှေသာက လွန်ခဲ့သောနှစ်ပေါင်း (၁၄၀) ကျော်က ဆောက်လုပ်ခဲ့သည်ဟု ရှေးလူကြီးများ၏ ပြောစကားအရ သိရသည်။ ၁၉၈၁- ခုနှစ်တွင် ဓညဝတီ စားတော်ဆက်အဖြစ်လည်းကောင်း၊ မေယုဧည့်ရိပ်သာ အဖြစ်လည်းကောင်း အသုံးပြုခဲ့ကြပြီး ၂၀၁၆- ခုနှစ်မှ စ၍ ယခုလက်ရှိအထိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးအဖြစ် အသုံးပြုလျက်ရှိနေ သည်။ အုတ်ကာ၊ သွပ်မိုး အဆောက်အဦ အမျိုးအစားဖြစ်ပြီး ကိုလိုနီခေတ်လက်ရာ (၂) ထပ်အဆောက်အအုံ ဖြစ်သည်။
စစ်တွေမြို့ပေါ်၌ရှိနေသည့် တချို့ရှေးဟောင်းအဆောက်အအုံများသည် ကိုလိုနီခေတ်တွင် တည်ဆောက်ခဲ့ကြသည့်ခုနှစ်ကို အတိအကျမသိရှိရသော်လည်း နှစ်(၁၀၀) ကျော်သက်တမ်းရှိ ကိုလိုနီခေတ် ရှေးဟောင်းအ ဆောက်အဦများဖြစ်နေကြသည်။ နှစ်(၁၀၀) ကျော် ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအဆောက်အဦးများ ဖြစ် ကြသည့်အတိုင်း ဆင်ဝင်ပေါက်ပါရှိကာ အုတ်ကာ၊ သွပ်မိုးထားပြီး အဆောက်အဦ၏ တံခါးပေါက်နှင့် ပြူတင်း ပေါက်များပေါ်ရှိ အုတ်နံရံများတွင် မုဒ်သဖွယ်တန်ဆာဆင်ထားကြသည်ကို တွေ့ရှိနေရကြောင်း တင်ပြလိုက်ပါသည်။
အောင်ကြည်မိုး(သင်းပုန်းတန်း)