ထိုင်းအမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ရခိုင်လူမျိုး ၉ ဦးကို ထိုင်းရဲစစ်ဆေးမည်

By Development Media Group (DMG)/ 2022 June 08

ပုံစာ – သံသယနှင့်ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများ။ (ဓာတ်ပုံ – ဘီဘီစီ)

မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြို့နယ်တွင် ထိုင်းအမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ရခိုင်လူမျိုး ၉ ဦးကို သံသယတရားခံအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) က သိရသည်။

မေလ ၃၁ ရက်နေ့က ထိုင်းအမျိုးသားအလောင်းကို တွေ့ရှိခဲ့ပြီးနောက် တရားခံများအား ရှာဖွေရာ ယင်းအနီး ပတ်ဝန်းကျင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများနေထိုင်ခဲ့သည့် အစအနများတွေ့ရှိခဲ့သဖြင့် ဆက်လက် ရှာဖွေရာ ဇွန်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ မြန်မာရွှေ့ပြောင်းလုပ်သား သုံးရာကျော်အား ဖမ်းဆီးခဲ့သည်ဟု အဆိုပါအဖွဲ့အစည်းထံက သိရသည်။

ယင်းနောက် ဖမ်းဆီးရမိသည့် လူသုံးရာကျော်အား ရဲစခန်းငါးခု၌ အသီးသီးခွဲပြီး စုံစမ်းစစ်ဆေးခဲ့ရာ ယင်းအထဲမှ ရခိုင်လူမျိုး ၉ ဦးကို ထိုင်းရဲက သံသယဖြစ်ဖွယ်တွေ့ရသဖြင့် စစ်ဆေးသွားမည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် (MWRN) မှ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက ပြောသည်။

” ရဲတွေ အလောင်းရှာတွေ့တဲ့နေရာမှာ ဖျာတွေခင်းအိပ်ခဲ့တာတွေ တွေ့ရတယ်တဲ့။ ဒါကြောင့် အကုန်လုံးကို ထိန်းသိမ်းပြီး စကားပြန်တွေနဲ့ စစ်ဆေးတာပေါ့နော်။ အဲဒီထဲကမှ ရခိုင်အလုပ်သမားကိုးဦးက သံသယဖြစ်စရာတွေ့လို့ ရွေးထုတ်ထားတာဆိုပြီး ရဲချုပ်ကပြောတယ်။ အခုစစ်ဆေးမှာကလည်း သံသယတရားခံအနေနဲ့ပဲ စစ်ဆေးမှာပါ။ အပြစ်ရှိတယ်ဆိုရင် သူတို့ဖက်က ထိုက်သင့်တဲ့အပြစ်ပေးမယ်။ တကယ်လို့အပြစ်မရှိရင် မြန်မာနိုင်ငံကို ပြန်ပို့ပေးမယ်ပြောတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ကိုးဦးမှာ မြောက်ဦးမြို့နယ်မှ နှစ်ဦး၊ ကျောက်တော်မြို့နယ်မှ တစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ လေးဦးနှင့် စစ်တွေမြို့နယ်မှ နှစ်ဦးတို့ဖြစ်ကြသည်။ ၎င်းတို့သည်  မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် အောက်လမ်းမှ လာကြသူများဖြစ်ကာ လက်ရှိတွင် မြန်မာအလုပ်သမား ၂၃ ဦးနှင့်အတူ ထိုင်းရဲစခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရ သည်။

” သူတို့ကို ထိုင်းရဲစခန်းတွေက ထမင်းကျွေးတယ်။ ဒါပေမဲ့ မြန်မာလုပ်သားတွေဆိုတော့ မဝကြဘူးလေ။ ဒါကြောင့် ကျနော်တို့ သူတို့ရဲ့ စားသောက်ရေးပိုင်းရယ်၊ အဝတ်အစားပိုင်းတွေကို ကူညီပေးထားတယ်။ တခြားအမှုကိစ္စတွေကျတော့ ဘယ်လိုဆက်လက်ဆောင်ရွက်နေတယ်ဆိုတာကို ကျနော်တို့ ဘာမှမသိရဘူး။ မိသားစုဝင်တွေကိုတော့  အကြောင်းကြားပေးထားတယ်” ဟု ကိုသိန်းထွန်းက ဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးခံရမည့် ရခိုင်လူမျိုးများအတွက် အမှန်တရားလိုလားပြီး အပြစ်မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံရမည်ကိုလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများက စိုးရိမ်နေကြသည်။

ယခု ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်လူမျိုး ၉ ဦးအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော်မှာ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် ပွဲစားများအား လူတစ်ဦးလျှင် မြန်မာကျပ်ငွေ ၂၈ သိန်းမှ  သိန်း ၃၀  အထိ အသီးသီးပေးကာ အောက်လမ်းမှ လာကြသူများဖြစ်ကြောင်းလည်း သိရသည်။ ယင်းသုံးရာအနက် သံသယရှိသည့် ရခိုင်လူမျိုး ၉ ဦးမှလွဲပြီး ကျန်လူအားလုံးကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု သိရသည်။

https://www.facebook.com/dmgnewsagency/posts/2312826355536429

Leave a Reply

Your email address will not be published.