By Narinjara /2022 July 09

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်အနီးရှိ KNUတပ်မဟာ (၅) နယ်မြေတွင် ကျဆုံးသွားသည့် ရက္ခိုင့်တပ်တော် (AA) မှ ရဲဘော် ၆ ဦးကို သူရဲကောင်းများ အဖြစ် အသိအမှတ်ပြုပြီး မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်များကို အောင်မြင်အောင်ထိ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် ရက္ခိုင်အစည်းအရုံး(ဂျပန်)က ဇူလိုင်လ ၆ ရက်နေ့ ထုတ်ပြန်သည်။
အာရက္ခနိုင်ငံတော်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသော ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် ၆ ဦးကို အာဇာနည်သူရဲကောင်းများအဖြစ် လေးနက်စွာ အသိမှတ်ပြုကြောင်း၊ မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်များကို အောင်မြင်အောင်ထိ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အာရက္ခနိုင်ငံတော် လွတ်မြောက်ရေးအတွက် တာဝန်ထမ်းဆောင်ယင်း တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးစွန့်လွှတ်ခဲ့ရသည့် တပ်ဖွဲ့ဝင် (၆) ဦးအား ၎င်းတို့မိသားစုဝင်များ၊ ၎င်းတို့၏ မိခင်အဖွဲ့စည်းဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) မှ ရဲဘော်ရဲဖက်များနှင့်ထပ်တူထပ်မျှ အထူးပင် ဝမ်းနည်း ကြေကွဲရပါကြောင်း သဝဏ်လွှာတွင်ရေးသားထားသည်။
ယင်းအပြင် လွတ်လပ်သော အာရက္ခနိုင်ငံတော်တွင် တဖန်ပြန်လည် မွေးဖွားရှင်သန်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ဖော်ပြထားသည်။
အဆိုပါ ရဲဘော် ၆ ဦးသည် ဇူလိုင်လ (၄) ရက်နေ့ ၊ နေ့လယ် (၁၂)နာရီ (၂၅) မိနစ်တွင် မြန်မာ-ထိုင်း နယ်စပ်အနီး၊ ကရင်ပြည်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်မှ ဗုံးကြဲ တိုက်ခိုက်စဉ်အတွင်း ကျဆုံးသွားခဲ့သည်။
ကျဆုံးခဲ့ရသူ ၆ ဦးမှာ ရသေ့တောင်မြို့နယ်မှ တပ်သား ကျော်ဦးလှိုင် (၃၁) နှစ်နှင့် တပ်သား နေဇော်ဦး(၂၉)နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တပ်သား ကျော်ဆန်းဌေး(၂၆) နှစ်၊ ပလက်၀မြို့နယ်မှ တပ်သားထွန်းထွန်းလင်း (၂၄) နှစ်၊ ကျောက်တော်မြို့နယ်မှ တပ်သားဘိုသန်းကျော်(၂၀)နှစ်၊ မြေပုံမြို့နယ်မှ တပ်သားဇာနည်ဝင်း(၂၀) နှစ်တို့ဖြစ်ကြသည်။
၎င်းစစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုသည် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတို့ အကြား နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားချိန်တွင် ဖြစ်ပွားခဲ့သဖြင့် မြန်မာစစ်ကောင်စီ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားမှုအပေါ် စောဒကတက် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
AA ပြောခွင့်ရသူ ဦးခိုင်သုခက တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဂျက်တိုက် လေယာဉ် (၂) စီးဖြင့် လေကြောင်းကနေ အေအေစခန်းကို ဗုံးကြဲ တိုက်ခိုက်ခြင်းသည်တမင်တကာရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ပြီး လက်တုံ့ပြန်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ( NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
https://www.facebook.com/narinjara.info/posts/5622502854428412