By DMG /2022 July 07
အင်တာဗျူး
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် KNLA တပ်မဟာ (၅) ဧရိယာထဲက အခြေပြုထားသည့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတခုကို ဇူလိုင် ၄ ရက်၊ နေ့လယ် ၁၂ နာရီကျော်တွင် စစ်ကောင်စီတပ်က တိုက်လေ ယာဉ်နှစ်စင်းနှင့် ရုတ်တရက် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အေအေ တပ်ဖွဲ့ဝင် (၆) ဦး ကျဆုံးသွားခဲ့ရပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။
ထိုအထဲမှ ကျဆုံးသွားသူများမှာ AA တပ်သားအဆင့် ဖြစ်ကြပြီး အသက် ၂၀ မှ ၃၁ နှစ် အရွယ် လူငယ်များဖြစ်ကြသည်။ ထိုအထဲတွင် ရခိုင်ပြည် ရသေ့တောင်မြို့နယ်က နေဇော်ဦးနှင့် ကျော်ဦးလှိုင်၊ ကျောက်တော်မြို့နယ်က ဘိုသန်းကျော်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျော်ဆန်းဌေး၊ မြေပုံမြို့နယ်က ဇာနည်ဝင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ထွန်းထွန်းလင်းဆိုသူတို့ဖြစ်ကြသည်။
ထိုသို့ AA တပ်ဖွဲ့ဝင်များ ကျဆုံးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူတို့က စိတ်မကောင်းများစွာဖြင့် ဝမ်းနည်းနေကြသည်။ ထို့ကြောင့် ကျဆုံးသွားသူများထဲမှ AA တပ်ဖွဲ့ဝင် ဆေးမှူးဖြစ်သူ ရသေ့တောင်မြို့ နယ်က အသက် ၂၉ နှစ် အရွယ်ကို နေဇော်ဦး မိခင်ဖြစ်သူကို ဆက်သွယ်မေးမြန်းခွင့်ရခဲ့သည်။
ကိုနေဇော်ဦး မိခင်၏ ခံစားချက်၊ ခံယူချက်၊ သားဖြစ်သူ စိတ်နေသဘောထားနှင့် သားဖြစ်သူ လျှောက်ခဲ့သော တော်လှန်ရေးအကြောင်းကို DMG က စုံစမ်းမေးမြန်းထားသည်။ မှတ်ချက် (ဖြေဆိုသူ၏ အမည်နှင့် နေရပ်ကို လုံခြုံရေးအခြေအနေကြောင့် ထိန်ချန်ထားခဲ့ရသည်)
မေး။ ။ ကိုနေဇော်ဦး ကျဆုံးသွားတဲ့ သတင်းကို ဘယ်လိုကြားရတာလဲ။
ဖြေ။ ။ သတင်းကြားတုန်းကတော့ ကိုယ့်မျက်စိမှာ မမြင်တော့ အစက မယုံခဲ့ဘူး။ နောက်တော့လည်း သားသူငယ်ချင်း AA တပ်ဖွဲ့ဝင် ဆွေမျိုးတယောက်ဖုန်းဆက် ပြောလာတယ်။ နောက်ဆုံးမှာ ဖုန်းတွေမှာ ရုပ်ပုံတွေလည်း မြင်ရတော့ ယုံလိုက်တာပဲ။ ဖြစ်စဉ်ကိုတော့ အတိအကျ မသိဘူး။ ကျမသားလေးနေတဲ့ စခန်းကို လေယာဉ်နဲ့ လာပြီး ဗုံးကြဲသွားတယ်လို့သိရတယ်။ ကျမသားလေးကတော့ ဆေးမှူးတယောက်ဖြစ်တယ်။ သူများတွေလာပြောလို့ သိရတာ။ အခုတော့ အရမ်းဝမ်းနည်းမိတယ်။
မေး။ ။ ကိုနေဇော်ဦးနဲ့ AA ရဲဘော်တွေ ကျဆုံးတဲ့ အပေါ်မှာ မိခင်တယောက်ခံစားချက်ချက်ကို ပြောပြပေးပါ။
ဖြေ။ ။ မိခင်တယောက်အနေနဲ့ ဘယ်ခါလွမ်းလို့ ကုန်နိုင်ပါ့မလဲ။ တယောက်နဲ့ တယောက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အတိုက်အဆိုင်ဖြစ်တာတော့ ဖြစ်ကြပါစေ။ အခုကတော့ အလိုလို တမင်တကာလာပြီးတော့ ဗုံးကြဲလိုက်တော့ လုံးဝ စိတ်မကောင်းပါဘူး။
မေး။ ။ အန်တီနဲ့ သားက ဘယ်လို အဆက်သွယ်တွေရှိခဲ့လဲ။
ဖြေ။ ။ သားနဲ့ အဆက်အသွယ် နောက်ဆုံးရခဲ့တာကတော့ တန်ခူးလက တခေါက်ရခဲ့တယ်။ အဲဒီတုန်းက ကျနော်(ကရင်) ရွာသို့ရောက်နေတယ်။ အဲဒီမှာ စစ်ပွဲဖြစ်တဲ့ အတွက် ရှောင်နေရတာ။ သုံးစရာ ပိုက်ဆံနည်းနည်းလွှဲပေးပါဆိုလို့ ပိုက်ဆံလွှဲပေးလိုက်တယ်။ ဆက်သွယ်လာတဲ့ ဖုန်းကလည်း ကိုယ့်ဖုန်းမဟုတ်ဘူး။ သူများဖုန်းနဲ့ ဆက်နေတာ။ ပိုက်ဆဲလွှဲပြီးလို့ ၃ ရက်လောက်ကြာတော့ အီးယောင်(အမေ) ကိုယ့်နေရာကို ပြန်သွားရတော့မယ်။ စိတ်မပူနဲ့ နောက်ပြီးတော့ ဒီဖုန်းကိုလည်း မဆက်သွယ်လာနဲ့တော့ဆိုပြီး ပြောခဲ့တယ်။ နောက်ဆုံးကတော့ စိုးရိမ်မနေပါနဲ့နော်လို့ ပြောခဲ့တာဖြစ်တယ်။ အရင်တုန်းကတော့ ဆေးသင်တန်းအောင်တုန်းကလည်း ဆက်သွယ်လာတာရှိတယ်။ အဲလိုပဲ ပျောက်လိုက်ပေါ်လိုက်တော့ ရှိခဲ့တယ်။
မေး။ ။ ကိုနေဇော်ဦး မကျဆုံးခင်လောက်က အန်တီအနေနဲ့ အတိတ်နိမိတ် တခုခုမြင်တာတွေရှိခဲ့လား။
ဖြေ။ ။ ထွေထွေထူးထူးတော့ မမြင်ဘူး။ ဒါပေမယ့်လည်း အဲဒီနေ့ ၄ ရက်နေ့က နှုတ်ခမ်းတွေက တအား လှုပ်တာကိုတော့ သိလိုက်တယ်။ တရက်လုံးကို လှုပ်နေတာ။ ငါဘာဖြစ်မလဲဆိုပြီးတော့ တွေးမိတယ်။ အထက်နှုတ်ခမ်းလှုပ်တယ်။ ဒါကြောင့် သူများတွေနဲ့ ပြဿနာတခုခုဖြစ်မလားဆိုပြီးတော့ သံသယဝင်နေခဲ့တာ။ ဒါပေမယ့် ဘာမှတော့ မဖြစ်သေးဘူး။ နောက်တရက် ၅ ရက်နေ့ ၁၂ နာရီလောက်မှာမှ သိတာ။ သားသေဆုံးသွားပြီဆိုတဲ့ အကြောင်းကို။ သူများတွေကလည်း ဖုန်းတွေနဲ့ လာပြတော့ သေချာသိရတာ။
မေး။ ။ အန်တီရဲ့ သားရဲ့ စိတ်နေသဘောထားလေးကို သိပါရစေ။
ဖြေ။ ။ သားလေးက စိတ်နေသဘောထား အရမ်းကောင်းတယ်။ တပါးသူကို ကူညီတတ်တယ်။ စိတ်အေးတယ်။ အစကတော့ ထိုင်းနိုင်ငံကို သွားပြီးအလုပ်လုပ်နေတာ။ မိသားစုကိုလည်း ငွေကြေးထောက်ပံ့တယ်။ နောက်ပြီးမှ တပ်ထဲကို ဝင်သွားတာ။ အပြင်မှာနေတုန်းကလည်း တပ်တော်အတွက် ကူညီပံ့ပိုးမှုတွေ အမြဲတမ်းလုပ်တယ်လို့ သိရတယ်။ AA ထိုင်းနိုင်ငံရုံးမှာလည်း နေခဲ့တယ်လို့ သိရတယ်။ နောက်ဆုံးမှာ AA ထဲကို ရောက်သွားတာ။ အစတုန်းကတော့ အဖေနဲ့ အတူတူ ထိုင်းနိုင်ငံမှာ နေတယ်။ အဖေဖြစ်သူက နောက်အိမ်ထောင်ကျသွားတော့မှ AA ထဲကိုရောက်သွားတာ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာတော့ (၈)နှစ်လောက်နေခဲ့တယ်။ ဒီတပ်(AA) ဝင်တာကတော့ (၄) နှစ်ရှိပြီ။ နောက်ပြီးတော့ သားလေးက အမျိုးသားရေးစိတ်အား ထက်သန်တယ်။ ရွာမှာနေတုန်းကလည်း အစည်းအဝေးလုပ်ရင်လည်း ရှေ့ဆုံးကပါတယ်။ ရသေ့တောင်မြို့ပေါ်မှာ ၁၀ တန်းတက်ခဲ့တယ်။ ၁၀ တန်းကို တစ်နှစ်ကျတော့ ထိုင်းကို သွားခဲ့တယ်။ အဲဒီကနေပြီးတော့ ညီလေး၊ ညီမလေးတွေကို ပညာသင်ကြားပေးတယ်။ ညီမလေးက အခုဆိုရင် အဝေးသင် တတိယနှစ်ရောက်နေပြီ။ ညီလေးတယောက်ကလည်း ၁၀ တန်းကျတယ်။ သူလည်း ဒီနှစ်မှဘဲ ထိုင်းကို ရောက်သွားတယ်။ အဓိကတော့ ညီ၊ ညီမတွေကို ပညာသင်စရိတ်ပေးနေတာ။ အဖေကတော့ ထိုင်းမှာ ရှိနေသေးတယ်။ ရွာမှာနေတုန်းကလည်း ရပ်မိရပ်ဖတွေနဲ့ ပြေပြေလည်လည်နေတတ်တယ်။ ခိုက်ရန်ဒေါသဖြစ်တာလည်း တခါမှ မရှိခဲ့ဘူး။ အားလုံးနဲ့ ချစ်ချစ်ခင် နေတတ်တယ်။ မိသားစုအပေါ်မှာလည်း သိတတ်တယ်။ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေတယ်။
မေး။ ။ ကိုနေဇော်ဦး ဘယ်လိုလုပ်ပြီး AA ဆီကို ရောက်သွားတာလဲ။
ဖြေ။ ။ ထိုင်းကနေပြီးတော့ ဝင်သွားတာ။ ပြီးခဲ့တဲ့ ၄ နှစ်ကတည်းက ဝင်သွားတာ။ ရွာကထွက်သွားတာ ၁၂ နှစ်ရှိပြီ။ ထိုင်းမှာ ၈ နှစ် နေခဲ့ပြီးတော့ AA မှာတော့ တာဝန်ထမ်းဆောင်တာ ၄ နှစ်ရှိပြီ။ ထိုင်းနိုင်ငံမှာ နေတုန်းကလည်း AA ဆီကို ငွေကြေးကောက်ပေးတယ်။ AA ရုံးမှာ နေတယ်။ ထိုင်းမှာ အမျိုးသားရေးတရားပွဲတွေ ကျင်းပရင်လည်း ရှေ့တန်းကပါတယ်။ ကူညီတယ်။ ပံ့ပိုးတယ်။ ကိုယ့်ပြည်ကိုယ့်လူမျိုး လွတ်လပ်စေချင်လို့ ထဲထဲဝင်ဝင် အမျိုးသားရေး အလုပ်တွေလုပ်သွားတာဖြစ်တယ်။
မေး။ ။ ကိုနေဇော်ဦး ရွာမှာနေတုန်းက ဘာတွေလုပ်ခဲ့လဲ။
ဖြေ။ ။ သူက ရွာမှာနေကတည်းက ကျောင်းတက်တယ်။ ကျောင်းသားပေါ့။ ဒါပေမယ့် အမျိုးသားရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေး၊ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အမြဲတမ်းသွားတတ်တယ်။ ဦးစီးဦးဆောင်လုပ်တတ်တယ်။ ကျမကတားတယ်။ တခုခုဆိုမလွယ်ဘူးလို့ ဒါပေမယ့် မရဘူး။ သူက မဟုတ်မခံစိတ်ရှိပြီးတော့ မတရားမှုကို လုံးဝလက်မခံဘူး။
မေး။ ။ ရက္ခိုင့်တပ်တော်ထဲကို ဝင်ခဲ့စဉ်က မိသားစုကို အသိပေးခဲ့တာတွေရော ရှိခဲ့လား။
ဖြေ။ ။ သားလေးက ထိုင်းမှာနေတုန်းကလည်း မကြာမကြာ တပ်ထဲကို ဝင်ဖို့ ခွင့်တောင်းတယ်။ အန်တီကတော့ မဝင်နဲ့ဦး။ ညီမလေး ဘွဲ့မရသေးဘူးလို့ ပြောထားတာ။ ဒါပေမယ့်လည်း AA ထဲကို ဝင်သွားတော့ ကျမကလည်း တားမရတော့ မပြောတော့ဘူး။ သူ့သူငယ်ချင်းတွေနဲ့ ဆုံးဖြတ်ပြီးမှ ဝင်သွားတာ။ တပ်ထဲဝင်မယ့်နေ့က သူငယ်ချင်းကိုပဲ ဖုန်းဆက်ခိုင်းပြီးတော့ ပြောပြတယ်။ ဒီတော့ စစ်သင်တန်းတက်တာ၊ အဲဒီကနေ ဆေးသင်တန်းဆင်းတော့ ဖုန်းဆက်တယ်။ ဆေးသင်တန်းမှာ ခွဲစိပ်ကုမှုတွေ သင်ယူနေရတယ်လို့ မကြာမကြာတော့ ကျမဆီကို ဖုန်းဆက်ပြီးစကားပြောတယ်။ အဲဒီလောက်ပဲရှိတယ်။ ကိစ္စရှိရင် ကျနော့်ဘက်ကပဲ ဆက်သွယ်ပါ့မယ်။ ဖုန်းနံပါတ်ကိုတော့ မှတ်ထားလို့မရဘူး အတည်မဟုတ်ဘူးလို့ ဆိုတယ်။
မေး။ ။ အခုလို ကရင်နယ်မြေထဲမှာ ရုတ်တရက် ပစ်ခတ်ခံလိုက်ရတဲ့ အပေါ်ဘယ်လို တုံ့ပြန်ပြောချင်လဲ။
ဖြေ။ ။ ဒီလိုဖြစ်သွားကို လုံးဝ မကျေနပ်ဘူး။ ဖြစ်နိုင်ရင် ပြန်လည်တုံ့ပြန်ချင်တာ။ ကျမကသားလေးကို တော်လှန်ရေးလုပ်လို့ တိုင်းပြည်လွတ်မြောက်ဖို့၊ အောင်မြင်မယ်လို့ မျှော်လင့်ချက်ထားတယ်။ တနေ့နေ့မှာ ကိုယ့်ရွာကို အဆင့်မြင့်ရာထူးတွေနဲ့ ပြန်ရောက်လာဖို့ ရည်မှန်းထားတာ။ နောက်ပြီးတော့ ရခိုင်ပြည်လွတ် မြောက်ရေး တနေရာမှာ ပါဝင်လုပ်ကိုင်နေတာကိုတော့ ဂုဏ်ယူနေတာ။ အခုကတော့ လမ်းခရီးမဆုံးခင် ကျဆုံးသွားတယ်။ ရွာကို တခါမှ မရောက်ခဲ့ဘူး။ စိတ်မကောင်းပါဘူး။
မေး။ ။ ကျဆုံးသွာတဲ့ သားအတွက် ဘာပြောချင်လဲ။
ဖြေ။ ။ ပြောစရာစကားတော့ မရှိတော့ဘူး။ လုပ်ခဲ့တဲ့ သူတွေလည်း ကိုယ့်အပြစ်နဲ့ ကိုယ်သွားမှာပါ။ တော်လှန်ရေးခရီးမှာ ကျမသား မရှိတော့ပေမယ့်လည်း ရှိတဲ့ လူတွေက ပြန်လည်တုန့်ပြန်သွားပါလိမ့်မယ်။
မေး။ ။ ကျဆုံးစစ်သည်တွေအတွက် ရင်ထဲက ဘယ်လိုစကားမှာချင်လဲ။
ဖြေ။ ။ မိခင်တယောက်အနေနဲ့ အခုလို ကိုယ့်ရဲ့သားလေး ကျဆုံးသွာရရင်လည်း ဂုဏ်ယူပါတယ်။ တိုင်းပြည်အတွက် လူမျိုးအတွက်ဆိုပြီး ကိုယ့်သား အသက်ဆုံး သွားတာကို ဂုဏ်ယူတယ်။ ကျမသားလေး အငယ်ကလည်း အမေရယ် အကိုကျဆုံးသွားရင်လည်း ဘာမှ အားမငယ်နဲ့ လို့အားပေးစကားပြောတယ်။ ဒါပေမယ့်လည်း အမေဖြစ်နေတော့ ပူဆွေးမှုတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားကို ဂုဏ်ယူထားတယ်။ ပျော်လည်းပျော်တယ်။ ဝမ်းလည်းနည်းတယ်။ တဖက်ကကြည့်လည်း သားအတွက် ဂုဏ်ယူတယ်။ တဖက်ကလည်း ဝမ်းနည်းမိတာတော့အမှန်ပဲ။ မမြင်လိုက်ရဘူး။
အခုလို DMG ကို အင်တာဗျူးဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။