တပတ်ကျော်ကြာပိတ်ထားသည့် ရေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲခွင့်ပြု၊ ဌာနဆိုင်ရာပေါင်းစုံက စစ်ဆေးမှုရှိမည်ဟုဆို

By Western News /2022 July 01

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှစကာတစ် ပတ်ကျော်ကြာ စစ်တပ်ဖက်က ပြေးဆွဲခွင့်ပိတ်ပင်ထားခဲ့သည့် စစ်တွေမှ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသည့် ရေကြောင်းခရီးစဉ်များကို မနက်ဖန် ဇူလိုင်၂ ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မည်ကြောင်းသိရသည်။

ဇွန်လ ၂၄ရက်နေ့ကတည်းက ပိတ်ထားသည့် စစ်တွေဖက်မှ ပြေးဆွဲနေသည့် ရွှေပြည်တန်ရေကြောင်းခရီးစဉ်အားလုံးကို မနက်ဖန် ဇွန် ၂ရက်နေ့တွင် ပြန်လည်ပြေးဆွဲခွင့်ရပြီးဖြစ်သော်လည်း ရေကြောင်းလိုင်းကို ဌာနပေါင်းစုံက စစ်ဆေးမှုတစ်ချို့ရှိမည်ဖြစ်ကြောင်းရွှေပြည်တန်အမြန်ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

“မနေ့က ညနေ ၆နာရီကျော်လောက်က ရေကြောင်းဦးစီးက ကျွန်တော်တို့ကို ဇူလိုင် ၂ရက်နေ့ ပြန်ပြေးဆွဲခွင့်ပြုတယ်လို့အကြောင်းကြားပါတယ်။ စစ်တွေက ရေကြောင်းခရီးစဉ်တွေက ၂ရက်မှာ စထွက်မှာဆိုတော့ ကျန်မြို့နယ်ဖက်က အပြန်တွေက ၃ရက်နေ့မှ စထွက်မှာပါ။ ဟိုတစ်နေ့က ရေကြောင်းဦးစီးက ပြေးဆွဲခွင့်ခွင့်ပြုချက်ရတဲ့အခါ ဆိပ်ကမ်းမှာ ဌာနပေါင်းစုံက စစ်ဖို့ရှိလို့ အစီစဉ်လုပ်ခိုင်းထားတာရှိပါတယ်။ ပုံမှန်အတိုင်း စစ်ဆေးသွားဖို့ဖက်များပါတယ်”ဟုပြောသည်။

ယခင်က ရွှေပြည်တန်ခရီးစဉ်များအပါအဝင် ပြည်တွင်းရေကြောင်းခရီးစဉ်များကို စစ်ဆေးမှုမရှိဘဲ မှတ်ပုံတင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လိုက်ပါစီးနင်းခွင့်ရခဲ့သည်။

စစ်တပ်က ၁ ပတ်ကျော်ကြာ ပြေးဆွဲခွင့်ပိတ်ထားသည့် ကာလတွင် ပုဂ္ဂလိက ရေယာဉ်လိုင်းများတွင် ဆုံးရှုံးနစ်နာမှုများစွာရှိခဲ့သည်။ ပြန်လည်ပြေးဆွဲခွင့်ပြုလျှင် ယခင်ကဲ့သို့ ပုံမှန်အတိုင်းသာ အဆင်ပြေပြေပြေးဆွဲခွင့်ရချင်သည်ဟု စစ်တွေ-ရသေ့တောင် ပြေးဆွဲနေသည့် စက်လှေသမား တစ်ဦးကပြောသည်။

“ပြန်ပြေးဆွဲပြုပြီလို့တော့ မနက်ကသိရပါတယ်။သွားတော့ မသွားဖြစ်တာ ၁ပတ်နီးပါးရှိပါပြီ။ ပြန်သွားခွင့်ပြုရင်လည်း အရင်လိုအေးအေးဆေးဆေး သွားချင်တယ်။ စစ်ဆေးရင်လည်း စစ်ပေါ့နော်။ ပစ္စည်းတွေဘာတွေ ကန့်သတ်လိုက်မှာကိုတော့ မလိုလားပါဘူး”ဟုပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တစ်ခြားမြို့နယ်များသို့ ပြေးဆွဲနေသည့် ခရီးသည်ရေယာဉ်များအပါအဝင် ကုန်ပစ္စည်းတင် ရေယာဉ်အားလုံးကို ဆတ်ရိုးကျတံတားအနီးရှိ စစ်ဆေးရေးဂိတ်မှ ဇွန်လ ၂၄ရက်နေ့မှစကာ ပြေးဆွဲခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က စစ်တွေမြို့ ၃၅၄တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နောက်ထပ် စစ်သား တစ်ဦးကို AAဖက်က ဖမ်းဆီးသွားသည့်အတွက် ဇွန်လ ၂၄ရပ်နေ့တွင် ​စစ်တွေမှ ပြေးဆွဲမည့် ရေကြောင်းလိုင်းများနှင့်ရေယာဉ်အဝင်အထွက်အားလုံးကို စစ်တပ်က သွားလာခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်။

မြန်မာစစ်တပ်နှင့်AAတို့ ဇွန်လ အတွင်းတွင် နှစ်ဖက် အခြေအနေ တင်းမာနေသည့်အတွက် ရေကြောင်းလိုင်းများသာမက ကုန်ကြောင်းခရီးများကိုလည်း စစ်တပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများရှိနေသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/554445816361927

Leave a Reply

Your email address will not be published.