ဆယ့်တစ်မျဉ်းစောင်း (ရသဆောင်းပါး)

By Western News /2022 July 19

(၁)

“ခရီးသည်များခင်ဗျာ၊ မှတ်ပုံတင်စစ်မှာဖြစ်တဲ့အတွက် ကားပေါ်ကနေ ခဏဆင်းပေးကြပါရန် အသိပေးအပ်ပါ တယ်ခင်ဗျာ၊ မှတ်ပုံတင်တွေထုတ်ပြီးတော့ ဒီကို လာပေးကြပါခင်ဗျာ”။ ကားစပယ်ရာ၏ အသံကွဲအက်အက်ဖြင့် အသိပေးသံကြောင့် သူမသည် အိပ်ပျော်နေရာမှ နိုးလာသည်။ မျက်စိဖွင့်ကြည့်လိုက်သောအခါ ကားပေါ်ရှိ မီးများ လင်းနေပြီး ကားပေါ်ပါလူများလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။

“ညကြီးသန်းခေါင် ကားပေါ် က ဆင်းရဦးမယ်၊ အိပ်ရေးပျက်တယ်ကွာ”ဟု နောက်ခုံက ထိုင်လိုက်လာသည့် ဦးလေးကြီးတစ်ဦး၏ ညည်းသံကို ကြားလိုက်ရသည်။ အမှန်တကယ်လည်း မဖြစ်သင့်သည့် ကိစ္စရပ်ဖြစ်သည်။ ကားပေါ်၌ အသက်ငယ်သူများ ပါသလို အသက်ကြီးပိုင်းများလည်း ပါသည်။ အသက်ငယ်သူများက အိပ်ရေးပျက်တာ ခံနိုင်သော်လည်း အသက်ကြီးပိုင်းများပါ အိပ်ပျော်ဖို့ ခက်သည်။ ပြန်နိုးပြီး ပြန်အိပ်ဖို့ ခက်ခဲသည်။ “ကားပေါ်တက်စစ်လည်း ရတာပဲဟာ၊ ငါတို့က ဆင်းပေးရဦးမယ်”ဟု အသက်၃၀ကျော် အစ်ကို တစ်ဦး၏ ပွစိပွစိ ပြောသံလည်း ကြားရသည်။ သူမသည် ကားပေါ်က ဆင်းရန်ပြင်လိုက်သည်။

သူမအနေဖြင့် မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မသိ။ တစ်ကြိမ်တစ်ခါမှ ခရီးမသွားဖူးသည့်အခါ အတွေ့အကြုံလည်း မရှိ။ သူမ ရောက်နေသောနေရာမှာ တောင်ပေါ်တစ်နေရာမှန်းတော့ သိသည်။ လမ်းဘေး၌ ဟင်းရွက်များ၊ သစ်သီးများနှင့် ရာသီပေါ်အသီးအနှံများ၊ အစားအစာများ ရောင်းချနေသည်ကို တွေ့ရသည်။ ဘေးနားကတစ်ယောက်ကို မေးကြည့်မှသာ “ဘားအံမြို့အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခု”မှန်း သူသိရသည်။ ကားစပယ်ရာက မှတ်ပုံတင်များကို လိုက်စုနေသဖြင့် သူမ၏မှတ်ပုံတင်ကို ပေးလိုက်ပြီးနောက် အပေါ့အပါးသွားရန် အိမ်သာရှိသည့်ဘက် သို့ ခြေဦးလှည့်လိုက်သည်။

ခဏကြာသောအခါတွင် သူမ စီးလာသည့် ကားဘေးနားတွင် လူများ စုရုံးနေသည်ကို တွေ့ရ၍ အပြေးအလွှား ပြေးလာသည်။ လူအုပ်နားသို့ ရောက်သောအခါတွင် အရပ်မြင့်မြင့်၊ ဗိုက်ရွဲရွဲ နှင့် လဝက ဝတ်စုံဝတ်ထားသည့် အသက်၃၀အရွယ်လူတစ်ယောက်က နာမည်ကို ခေါ်၍ မှတ်ပုံတင်ပါပုံပန်းသဏ္ဍာန်နှင့် တူ၊ မတူ အကဲဖြတ် စစ်ဆေး နေသည်ကို တွေ့ရသည်။ နာမည်ခေါ်နေသည့်အသံမှာလည်း ကြွေးရှင်က ကြွေးတောင်းသည့်အသံဖြင့် ခပ်မာမာ အော်ခေါ်နေသည်။

“မသဇင်မိုး……”

“ရှိ…..”ဟု ရှေ့ကလူများ ထူးသလို ထူးလိုက်သည်။ ဟိုလူကြီးသည် သူမအား အတန်ကြာကြည့်ပြီးနောက် သံသယမျက်လုံးဖြင့် လှမ်းမေးသည်။

“ဆယ့်တစ်မျဉ်းစောင်း မှတ်ပုံတင်ကိုင်ထားတဲ့ မသဇင်မိုးက ဘယ်ကလာတာလဲ”။”ရန်ကုန်ကပါရှင့်”။ “ခုဘယ်သွားမှာလဲ”။ “မြဝတီကိုပါရှင့်…”။” မြဝတီမှာ ဘာလုပ်မှာလဲ”။”ဘာမှ မလုပ်ဘူး၊ ဦးလေးဆီအလည်သွားတာ”။ မေးခွန်းများသည် မသင်္ကာသည့်သဘောဖြင့် တရစပ်မေးနေသည်။ ရှေ့ကလူများကို သူ့လောက် မစစ်ဆေးဆိုသည်ကို သူမ သိသည်။ ဘာကြောင့် ငါ့ကို အဲလောက် စစ်နေတာလဲ။ ဦးလေးအိမ် အလည်သွားတာဆိုတော့လည်း ယုံပုံမပေါ်။ ဒုက္ခပဲ…။ သူမသည် စိတ်တိုလာသည်။ ဒီလူကြီး တမင်ရစ်နေတာလား။ “ညီမလေး၊ ခဏနော်၊ ပြီးရင် ကျွန်တော်တို့ ဦးစီးနဲ့ တစ်ချက်တွေ့ရမယ်”။

ဟင်..ဘာကြောင့်လဲ..။ ငါ ဘာအပြစ်မှ လုပ်ထားတာလည်း မရှိ။ သူမသည် မိန်းကလေးသဘာဝ ပိုမို၍ စိုးရိမ်စိတ်များ ဖြစ်လာသည်။ ငါ့ကို ဘာများ မေးဦးမလဲ မသိ။ စိတ်ကို တစ်ချက် တင်းထားလိုက်သည်။

သူလာသည့် ရည်ရွယ်ချက်မှာ ဦးလေးအိမ်တွင် ခေတ္တခဏနေထိုင်ကာ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန်ဖြစ်သည်။ အလုပ်လုပ်လို့ ရလာသည့် ငွေများကို အိမ်သို့ ပို့၍ သူမ၏ မောင်လေးကို ပညာ ဆက်သင်ရန် ဖြစ်သည်။ သူမတို့ မိသားစုသည် ဆင်းရဲသည့် လက်လုပ်လက်စား လူတန်းစားဖြစ်သည်။

သူ့အဖေသည် ကြုံရာကျပန်းလုပ်ပြီး သူ့အမေမှာ ရွာဈေး၌ အသီးအရွက်များ ရောင်းကာ အသက်မွေးသည်။ သူတို့မိသားစုတွင် အဖေ၊ အမေအပါအဝင် သူမနှင့် မောင်လေး (၄) ယောက်ရှိသည်။ သူမမှာ အဌမတန်းအဆင့်သာ ကျောင်းနေခဲ့ရပြီး မိသားစု စားဝတ်နေရေး အကြပ်အတည်းကြောင့် ကျောင်းဆက်မသင်နိုင်ဘဲ ကျောင်းထွက်လိုက်ရသည်။

ပြီးနောက် အမေနှင့် အတူ ဈေးရောင်းရင်း မိသားစု၏ ဝင်ငွေရလမ်းကို တစ်ဖက်တစ်လမ်းမှ ကူရှာပေးသည်။ သူ့အဖေမှာလည်း အလုပ်လုပ်တစ်ရက် မလုပ်တစ်ရက်နှင့် ဝင်ငွေ ပုံမှန် မရှိ။ ဒီကြားထဲ အမေကပါ သွေးတိုးဖြစ်ပြီး ကျန်းမာရေးမကောင်း ဖြစ်လာသောအခါ ဈေးမထွက်နိုင်ဘဲ သူမ တစ်ယောက်တည်း ဈေးထွက်ရသည့် နေ့က များသည်။ သူ့အဖေနှင့် သူမ ရှာဖွေသော ဝင်ငွေသည် မိသားစုစားရေးအတွက်သာ ဖူလုံသည်။ နောက်နှစ်ဆိုလျင် သူမ၏ မောင်လေးမှာ ဆယ်တန်း တက်ရမည် ဖြစ်၍ မည်သို့မှ အဆင်မပြေနိုင်။ ငွေရေးကြေးရေးအဆင်မပြေ၍ သူမကဲ့သို့ မောင်လေးကိုလည်း ကျောင်းမထုတ်ချင်။ မောင်လေးကို ပညာ ဆက်သင်စေချင်သည်။ ပညာတတ် ဘွဲ့ရတစ်ယောက် ဖြစ်စေချင်သည်။ ထို့အတွက်လည်း ယခုကဲ့သို့ သူ အိမ်မှ ထွက်လာခြင်း ဖြစ်သည်။ သူမကို စိတ်မချသော အမေနှင့်အဖေက မသွားရန် အကြိမ်ကြိမ် တားသော်လည်း သူမ၏ အိမ်အခြေအနေကို ရိပ်မိနေသဖြင့် တားနေသည့်ကြားမှပင် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ဘာပဲပြောပြောလေ…သူမသည် အိမ်၌ အကြီးဆုံးသမီးဖြစ်သည်။ မိဘများ၏ မပြေလည်မှုကို သည်အတိုင်း ထိုင်ကြည့်မနေနိုင်။ ပြီးလျင် သူမ မောင်လေးအတွက် အားကိုးစရာ အစ်မ ဖြစ်ချင်သည်။

“မသဇင်မိုး၊ လာ…သွားရအောင်”ဟု လဝကလူကြီးမှ ခေါ်သောအခါ သူမအတွေးများကို ရပ်ပစ်လိုက်ရသည်။ လမ်းဘေးရှိ “IMMIGRATION”ဟု ရေးထားသော ဆိုင်းဘုတ်အောက်တွင် ထိုင်ခုံတစ်ခုံဖြင့် ထိုင်နေသော လူတစ်ဦးကို တွေ့ရသည်။ “ဆရာ…ဒီမှာ…၁၁ မျဉ်းစောင်းတစ်ယောက် ပါလာတယ်ဆရာ”။ ဟိုလူကြီးသည် လေးလံနေသော မျက်ခုံး များကို ပင့်၍ သူမကို တစ်ချက်ကြည့်ပြီးနောက်

“သမီး..ဘယ်သွားမှာလဲ…”၊ “မြဝတီကိုပါ ဆရာ”၊ “သမီးက ရခိုင်ပဲလား….”၊”ဟုတ်ကဲ့ပါ…ဆရာ..”၊ “ဟိုးအဝေးကြီး ရခိုင်ကနေ ဒီကို ဘာကြောင့် လာတာလဲ”၊ “သမီး… ဦးလေးအိမ် အလည်သွားတာပါ ဆရာ…”၊ “ဟင်…သမီးပုံစံကြည့်ရတာ အလည်သွားတဲ့ပုံစံလည်း မပေါက်ပါလား၊ အမှန်အတိုင်း ပြော…သမီး”။ ဒုက္ခပါပဲ…အလည်သွားတဲ့ပုံစံက ဘယ်လိုပုံစံမျိုးလဲ…နုတ်ခမ်းနီတွေဆိုး၊ မိတ်ကပ်တွေ လိမ်းပြီး ရွှေဆွဲကြိုးတွေ ဆွဲထားရမှာလား..။ သူမကို သူတို့ ရစ်နေမှန်း သူမ သဘောပေါက်လာသည်။ “တကယ်တော့ အဲလောက်အဝေးကြီးရခိုင်ကနေ ဒီကို လာခွင့်မရှိဘူး၊ တစ်ခုခု လုပ်ဖို့ သွားတာပဲ ဖြစ်ရမယ်”။ ဟု ဆရာတပည့် နှစ်ယောက် ပြောသံများကို သူမ ကြားရသည်။ ဘာမဆိုင်ညာမဆိုင် ကောက်ချက်က ဆွဲလိုက်သေးသည်။

ရခိုင်တွေဆိုတာလည်း မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲက တိုင်းရင်းသားပါပဲ။ တစ်နိုင်ငံလုံးကို သွားလာခွင့်ရှိတာပဲမဟုတ်လား။ ရှင်တို့ကျတော့ ကျွန်မတို့ ရခိုင်ကို လာကြတယ်လေ။ ကျွန်မတို့ ရခိုင်တွေက ကျန်တဲ့ ပြည်နယ်တွေကို သွားခွင့်မရှိဘူးလား။ ဒီစကားတွေကို သူမ စိတ်အချဉ်ပေါက်ပေါက်ဖြင့် ပြောချလိုက်ချင်သည်။

သို့သော်… ဇာတ်လမ်းရှည်မည်စိုး၍ နုတ်ဆိတ်နေလိုက်သည်။ ပြီးလျင် သူမ၏ လက်ကိုင်အိတ်ထဲမှ ပိုက်ဆံ ငါးထောင်ထုတ်၍ ပေးခဲ့လိုက်သည်။ သို့မှသာ “အဲပေါ့…ဦးလေးအိမ် အလည်သွားတယ်ဆိုလည်း သွားပေါ့”တဲ့။ သူများကို ရိသလိုလို လှောင်သလိုလို ပြောင်သလိုလိုနှင့် စိတ်ထဲက ခံပြင်းမိသည်။ ဒေါသများသည် မီးတောက်များသဖွယ် ဟုန်းဟုန်းတောက်သည်။

ပြည်မနေ ဗမာတိုင်းရင်းသားများသည် အခြားတိုင်းရင်းသားများကို သူတို့အိမ်၌ အဖီတွဲပြီး နေသလို ဆက်ဆံ ကြသည်။ တချို့ဗမာများမှာ ငါတို့က အိမ်ရှင်၊ နင်တို့က ကပ်နေကြတာတွေဟူသော အမြင်များလည်း ရှိကြသည်။ တကယ်တော့ နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသည့် မည်သည့်လူမျိုး၊ တိုင်းရင်းသားမဆို မြန်မာနိုင်ငံအနှံ့ သွားလာခွင့်ရှိသည်၊ အခြေချနေထိုင်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း အတိအလင်း ပြဌာန်းထားပြီး ဖြစ်သည်။ သို့ရာတွင် တိုင်းရင်းသားများ၏ ရိုးသားမှုကို အခွင့်ကောင်းယူကာ ခွဲခြားဆက်ဆံချင်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပျက်နေသည့် နိုင်ငံရေးပြဿနာများမှာ လူမျိုးကြီးဝါဒ လွမ်းမိုးခြယ်လှယ်ခြင်းကြောင့်လည်း များစွာ ဆိုးရွားစေသည်။

သူတို့အနေဖြင့် တိုင်းရင်းသားဆိုလျင် တစ်ဆင့်နိမ့်သည်ဟုများ ထင်နေကြသလား မသိ။ တစ်မြေတည်းနေ တစ်ရေတည်း သောက်ပါလျက် တန်းတူဆက်ဆံမခံရသောအခါ ခံပြင်းမိသည်။ နာကျဉ်းမိသည်။ နေရာတကာ သူတို့တွေပဲ လူပါးဝသည်ဟု ခံစားရသည်။ မြန်မာနိုင်ငံ၏ ပြဿနာတော်တော်များများသည် ဤကဲ့သို့ သော နေ့စဉ်လူမှုဘဝ ဆက်ဆံမှုများကနေ တစ်ဦးနှင့်တစ်ဦး နာကျဉ်းကြ၊ မုန်းတီးကြရာမှ အစပျိုးပြီး ထိုမှတစ်ဆင့် တော်လှန်ပုန်ကန်မှုတွေ၊ လူမျိုးရေးအမုန်းတရားတွေ ဖြစ်စေသည်။ ဥပဒေ၌ မည်သို့ပင် ပြဌာန်းထားစေဦး၊ ဥပဒေကို ကျင့်သုံးရသူများ လက်ထဲတွင် ထိုဥပဒေသည် လက်တစ်လုံးခြား အသုံးချခံနေရသည်။ လူကို ခင်၊ မူကို ပြင်။ လူကို ချစ်၊ မူကို ပစ်။ လူကို မုန်း၊ မူကို သုံးသည်က ခပ်များများ ဖြစ်ပါသည်။ ဥပဒေ၏ ပေးထားချက်အောက်တွင် တန်းတူ ညီမျှမှုအရသာကို တပြေးညီ ခံစားရသည်မဟုတ်ဘဲ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလိုမျိုး ကြုံသလို ကြည့်ကြပ် လုပ်နေသည်က များသည်။

သူမအနေဖြင့် ယခုဂိတ်တစ်ခုတည်း၌သာအစစ်ဆေးခံရသည်မဟုတ်။ မြောက်ဦးက ထွက်လာကတည်းက ဂိတ်အတန်တန်၌ အစစ်ဆေးခံရသည်။ ပထမဆုံး အမ်း ပဲပဒုံဂိတ်၊ ထို့နောက် ဦးသျှစ်ပင်ဂိတ်များတွင် အစစ်ခံခဲ့ရသည်။ ရခိုင်က လာတဲ့သူတွေဆိုရင် တရားခံပြေးများ မှတ်နေသလားဟု စိတ်အချဉ်ပေါက်ပေါက်နှင့် ရေရွတ်မိသည်။

ဘန်ကောက်တွင် အလုပ်လုပ်ရင်း ၃နှစ်ကြာသောအခါ သူမ အိမ်ပြန်လာချင်သည်။ စက်ရုံ၌ အလုပ်လုပ်၍ စုမိဆောင်းမိထားသော ငွေကြေးများကို မိဘထံသို့ ပို့သည်။ သူမ၏ မောင်လေးမှာလည်း ယခုဆိုလျင် တက္ကသိုလ် တတိယနှစ်သို့ပင် ရောက်နေပြီ။

ကျောင်းပြီးခါနီးပြီ။ သူမ၏ မိဘများနှင့် မောင်လေးအတွက် သူ့ဘဝကို အတန်အသင့် ပေးဆပ်ထားပြီးဖြစ်၍ သူ့ရှေ့ရေးအတွက် စဉ်းစားမိသည်။ တိုင်းတစ်ပါးတွင်လည်း တစ်သက်လုံး မနေချင်။ ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်အစားအစာကို လွမ်းသည်။ မည်သူမဆို ကိုယ်မွေးဖွားရာ ဇာတိမြေ၌ ပျော်ကြသည်သာ။ မိမိတို့ ဇာတိမြေမှာ မည်မျှပင် မတိုးတက် မစည်ကားစေကာမှု ကိုယ့်ရပ်၊ကိုယ့်မြေမှာ နေထိုင်ရခြင်းသည်မှာ စိတ်အပျော်ဆုံး ဖြစ်သည်။ သူ့မွေးရပ်မြေ မြောက်ဦးနှင့် ဘန်ကောက်မြို့တို့သည် မည်သို့မျှ နှိုင်းယှဉ်၍ ရမည်မဟုတ်။ အကွာကြီး ကွာသည်။

ရခိုင်ဒေသသည် မြန်မာနိုင်ငံ၌ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်သည်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူ အစိုးရများက တိုးတက်ရာ တိုးတက်ကြောင်း ကြံဆောင်ခြင်း မရှိ။ ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆင်ထားသော်လည်း ရခိုင်ဒေသမှာ ဆင်းရဲသည်။ တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်း ဖန်တီးပေးခြင်း မရှိ။ ထို့ကြောင့် အလုပ်လက်မဲ့ ဦးရေက များသည်။ အလုပ်မလုပ်သောသူများသောအခါ ဝင်ငွေနည်းသည်။ ဝင်ငွေနည်းသောအခါ ဆင်းရဲသည်။ ဆင်းရဲသောအခါ ရေကြည်ရာ မြက်နုရာ တိုင်းတစ်ပါးသို့ ထွက်ကာ အလုပ်လုပ်ကြရသည်။ မြို့နှင့် အိမ်နှင့် ခွဲခွာရသည်။ မိသားစုကို ခွဲရသည်။ ကိုယ့်ပြည်၊ ကိုယ့်မြေကို မစွန့်ခွာဘဲ မိမိတို့ နေအိမ်မှပင် အလုပ်လုပ်နိုင်သည့် အခြေအနေတစ်ရပ်ကို မည်သည့်အချိန်မှာ ရောက်ရှိလာမည်နည်း။

သူမ အိမ်ပြန်လာချင်သည်။ သို့သော် မိမိဇာတိမြေ၌ လုပ်စရာ အလုပ် မရှိမည်ကို စိုးရိမ်သည်။ ထိုစိုးရိမ်စိတ်ကြောင့်ပင် ပျော်ရာမှာ မနေဘဲ တော်ရာမှာနေကာ ဘဝကို ရုန်းကန် ဖြတ်သန်းရသည်။

မသဇင်မိုးကဲ့သို့သော ရခိုင်သမီးပျိုလေးတွေ အိမ်က စွန့်ခွာကာ အလုပ်လုပ်ရသည်မှာ စာရေးသူအတွက်တော့ အမှန်တကယ် ရင်နာမိသည်။ ဆင်းရဲမှုဒဏ်ကို မခံနိုင်သည့်အခါ မစွန့်ခွာချင်ပါဘဲ အိမ်ကို စွန့်ခွာနေကြရသည်။ တိုင်းတစ်ပါးဆိုသည်မှာလည်း ယောကျားလေးများအတွက်ပင် လုံခြုံမှုပေးနိုင်သည်တော့ မဟုတ်ပေ။ မိန်းကလေး များဆိုလျင် ပိုဆိုးပေမည်။မိမိအိမ်၊ မိမိမြို့တွင် လုံလုံခြုံခြုံဖြင့် အေးချမ်းသာယာစွာ အလုပ်လုပ်နိုင်ကြမည့် တစ်နေ့နေ့ တစ်ချိန်ချိန်ကို ရောက်လာရမည်ဟူသော ရွှေပြည်တော်ကို စောင့်မျှော်ရင်း အသက်ရှင်လျက်ရှိနေပေသည်။

မှတ်ပုံတင် ဆယ့်တစ်မျဉ်းစောင်းကိုင်ဆောင်ထားသူ ရခိုင်လူမျိုးများအဖို့ ရောက်လေရာ နေရာတိုင်းမှာ တန်းတူ ဆက်ဆံခံရသည်တော့ မဟုတ်ပေ။ အစိုးရဝန်ထမ်းလောက၌ပင် ရာထူးကြီးကြီးနေရာများကို တိုင်းရင်းသား များကို မပေးဘဲ သူတို့လူမျိုးကိုသာ ပေးသည်။ ကျန်တိုင်းရင်းသားများမှာ မည်မျှပင် ထူးချွန်ထက်မြက် ပါစေ အလေးပေးခြင်း မခံရဟု ဆိုသည်။ ဗမာလူမျိုးကြီးဝါဒသည် အမြစ်ခိုင်မာစွာဖြင့် မြန်မာနိုင်ငံ၌ တွယ်ကပ်နေသည်ကို တွေ့ရသည်။

တချို့ဗမာများပင် သူတို့၏ သွေးထဲသားထဲ၌ လူမျိုးကြီးဝါဒ စိမ့်ဝင်ပျံ့နှံ့နေသည်ကို သတိမမူမိ လောက်အောင်ထိ ကြီးစိုးနေသည်။ မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းဆောင်ရွက်သည့်အခါ လူမျိုးကြီးဝါဒကို ဘေးချိတ်ထားမှသာလျင် စစ်မှန်သောပြည်ထောင်စုနိုင်ငံတော် ဖြစ်လာမည်ဟု ယုံကြည်မိပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မြတ်သန္တာ (မြောက်ဦး) ရေးသားသည်

Western News-WN

https://www.facebook.com/westernnewsagency/posts/566578495148659

Leave a Reply

Your email address will not be published.