စစ်ဘေးရှောင်များနေထိုင်သည့် နေရာကို စစ်ကောင်စီမှ တပ်စွဲလာ၍ စစ်ဘေးရှောင်များ တိမ်းရှောင်နေရ

By Western News /2022 July 20

စစ်ဘေးရှောင်များနေထိုင်သည့် ရခိုင်ပြည် ရသေ့တောင်မြို့ရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းတွင် စစ်ကောင်စီတပ်သားများက ယမန့်နေ့ ဇူလိုင် ၁၉ ရက် ညနေပိုင်းခန့်တွင် တပ်စွဲမှုပြုလုပ်လာ၍ စစ်ဘေးရှောင်များမှာ တစ်ခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသတွင်းနေထိုင်သူများကပြောသည်။

ညနေပိုင်း ၄ နာရီကျော်ခန့်တွင် စစ်ကားများဖြင့် ပစ္စည်းများသယ်ယူလာပြီးတပ်စွဲလာခြင်းဖြစ်ကာ လက်ရှိတွင် ဂိတ်များချ၊ ကတုတ်ကျင်းများပြုလုပ်ကာ လက်နက်ကြီးလည်း ထောင်ထားပြီဖြစ်သည်ဟု ရသေ့တောင် ဒေသခံတစ်ဦးက Western News ကိုပြောသည်။

“အဲ့ဒီပြည်လုံးချမ်းသာကျောင်းက မြို့အဝင်အထွက်နားပါ။ သူတို့က မနေ့က ၄ နာရီကျော်လောက်မှာ ရောက်လာပြီး ကျောင်းမှာတပ်စွဲလိုက်တာ။ အခုဆိုဂိတ်ချထားပြီ။ ကတုတ်ကျင်းတွေလုပ်၊ အမြောက်တွေပါထောင်လို့ဖြစ်နေပါပြီ။ အဲ့ဒီကျောင်းမှာက ဒုက္ခသည်တွေခိုလှုံနေကြတာ။ အခုသူတို့တွေလည်း ကျောင်းမှာမနေခဲ့ကြရတော့ဘူး” ဟုပြောသည်။

ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းမှ တိမ်းရှောင်နေရသည့်စစ်ဘေးရှောင်တစ်ဦးက စစ်သားများဝင်ရောက်လာပြီးနောက် စစ်ရှောင်များအားယခုနေရာတွင်မနေရန်ပြောဆိုသဖြင့် ထွက်လာကြရခြင်းဖြစ်ပြီး နေစရာမရှိ၍ ခိုလှုံနေရသည့်အဖြစ်မှ နေရာမဲ့သည့်အဖြစ်သို့ရောက်နေရပြီဖြစ်သည်ဟု ပြောသည်။

“သူတို့ကျောင်းထဲကိုဝင်လာတော့ ကျောင်းထိုင်ဆရာတော်က လက်မခံဘူး။ ဒါပေမဲ့ ဘုန်းကြီးကသက်ကြီးပိုင်းဆိုတော့ မလိမ့်တပတ်လုပ်ပြီး ပစ္စည်းတွေပြောင်းချလာတာ။ ကျနော်တို့ကိုတော့ အဲ့ဒီထဲကတပ်သားတစ်ယောက်လာပြောတယ်။ ဒီမှာမနေကြနဲ့တော့တဲ့။ ကျနော်တို့က ရွာတွေအဖျက်ဆီးခံရလို့ ဒီနေရာလေးမှာလာခိုလှုံနေတာ မနေရတော့ဘူးဆိုတော့ ကျနော်တို့ဘယ်မှာသွားနေရမှန်းမသိတော့ဘူး။ ဘယ်သူကကျနော်တို့ကိုကြာကြာခေါ်ထားမှာလဲ” ဟုပြောသည်။

ပြည်လုံးချမ်းသာကျောင်းတွင် စစ်ဘေးရှောင်အရေအတွက်မှာ အိမ်ထောင်စု ၅၀ ခန့်ရှိပြီး လူဦးရေ ၃၀၀ နီးပါးရှိကာ ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ရေစိုးချောင်း၊ အောင်မြေကုန်းနှင့် တစ်ခြားကျေးရွာများမှ လာရောက်ခိုလှုံနေသူများရှိကြောင်းသိရသည်။

လက်ရှိအဆိုပါဘုန်းကြီကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သား အင်အားအရေအတွက်မှာ ၆၀ ဝန်းကျင်ခန့်ရှိပြီး လက်မောင်းနေရာတွင် တပ်မ ၂၂ တံဆိပ်ကပ်ထားသည်ကိုမြင်တွေ့ရကြောင်း စစ်ဘေးရှောင်များကပြောသည်။

တပ်မ ၂၂ မှာ ကရင်ပြည်နယ် ဘားအံအခြေစိုက်တပ်မတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် မေလအတွင်းက အဆိုပါတပ်မမှ တပ်သားများကို ရခိုင်ဖက်သို့အင်အားတိုးချဲ့ချထားမှုရှိခဲ့ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဖက်တို့တွင် အဆိုပါတံဆိပ်ပါ တပ်သားအများအပြားကို ယခင်ထက်ပို၍ တွေ့မြင်ကြရကြောင်း ဒေသတွင်းနေထိုင်သူများကပြောသည်။

ရသေ့တောင်မြို့တွင် မြို့အဝင်အထွက်နေရာများနှင့် လမ်းခွဆုံနှင့် ရပ်ကွက်များ၌ စစ်အင်အားအပြည့်နေရာချထားပြိီး စစ်ဆေးများပြုလုပ်နေကာ ဒေသခံများကိုလည်းဖမ်းဆီးမှုများ ရှိနေသည်။ လက်ရှိတွင် စစ်ကောင်စီက ရသေ့တောင်မြို့ပေါ်က ဒေသခံ ၃ ဦးထက်မနည်းဖမ်းဆီးထားပြီး စစ်ဆေးမှုများလုပ်နေကြောင်း လူမှုကယ်ရေးများလုပ်ကိုင်နေသူများက Western News ကို ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းမှစ၍ စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော် AA တို့ကြား တင်းမာမှုတို့များပြားလာနေခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတို့လည်းရှိလာကာ ရက္ခိုင့်တပ်တော်ဘက်မှလည်း ရခိုင်ပြည်သူများအား စစ်ရေးသတိရှိကြရန်လည်း ထုတ်ပြန်မှုတို့ရှိလာခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/567219471751228

Leave a Reply

Your email address will not be published.