By Narinjara /2022 July 20
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာအနီးရှိ ၂၃၂ တပ်ထဲမှ ပေါက်ကွဲသံ ၂ ချက်နှင့် လက်နက်ကြီးပစ်သံ ၁ ချက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပါဒလိတ်ကျေးရွာအနီး အရှေ့ဘက်ရှိ ၂၃၂ တပ်အတွင်းမှ ယနေ့ ဇူလိုင်လ ၂ဝ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကြားခဲ့ရကြောင်း ရွာသားတစ်ဦးက ပြောသည်။
“ပထမ ၂ ချက်ကတော့ မိုင်းကွဲသံလိုလိုကြားရပါတယ်။ နောက်ဆုံးအချက်ကတော့ လက်နက်ကြီးအသံကြားပါတယ်။ ဘယ်ဘက်ကိုပစ်တယ်လို့တော့ ကျနော်တို့ မသိရဘူး”ဟု ပြောသည်။
၂ မိနစ်၊ ၃ မိနစ်ခန့်စီတွင် တစ်ကြိမ်စီကြားခဲ့ရခြင်းဖြစ်သည်ဟုလည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးလား၊ မိုင်းကွဲတာလားတော့ သဲသဲကွဲကွဲမသိရဘူး။ ပထမနှစ်ချက်အသံကတော့ နည်းနည်းလောက် မိုင်းကွဲသံလိုမျိုး။ တတိယအခေါက်ကတော့ မိုင်းကွဲတဲ့ပုံစံမျိုးမဟုတ်ဘူး။ နည်းနည်း အသံတွေဘာတွေပါတယ်။ ပစ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်”ဟု ပြောသည်။
ယင်းသို့ ပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားခဲ့ရ၍ ဒေသခံများအကြား စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟုဆိုကြသည်။
၂၃၂ တပ်သည် ပါဒလိတ်ကျေးရွာနှင့် အမြင့်ကျွန်းကျေးရွာအကြား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် တည်ရှိသည်။
လက်ရှိတွင် ပါဒလိတ်ကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုများလည်းမရှိဘဲ တည်ငြိမ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာမှုများရှိနေချိန် ယခုကဲ့သို့ ပါဒလိတ်အနီးရှိ စစ်တပ်ထဲမှ ပေါက်ကွဲသံနှင့်ပစ်ခတ်သံများ ကြားလာရခြင်းဖြစ်သည်။
ပါဒလိတ်ကျေးရွာအနီးရှိ ၂၃၂ တပ်အပါအဝင် ၃၄၄ တပ်နှင့် ပညာရေး(၁ဝ) လေ့ကျင့်ရေးတပ်တို့မှလည်း ပြီးခဲ့သည့်ဇူလိုင်လ ၄ ရက် ည ၁ဝ နာရီခန့်တွင် သေနတ်သံများ ထွက်ပေါ်ခဲ့သည့်အတွက် ဒေသခံများအကြား စိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု ရွာသားများက ပြောသည်။
https://www.facebook.com/narinjara.info/posts/5655300651148632