By Western News /2022 July 11

စစ်တွေ- ပန်းမြောင်း၊ ပန်းမြောင်း- စစ်တွေသို့ ပြေးဆွဲနေသည့် ကုန်တင်သည့် လိုင်းဘုတ်စက်လှေများတွင် မြေဆီ၊ ဘိလပ်မြေနှင့် သံချောင်းများအား တင်ဆောင်ခွင့် ပြည်နယ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည် ဇူလိုင် ၄ ရက်နေ့မှစ၍ ရခိုင်ပြည်နယ် စစ်ကောင်၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လက်မှတ်ဖြင့် ယင်းကဲ့သို့ သယ်ယူခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး သယ်ယူခွင့်များတွေ့ရှိလျှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြေးဆွဲနေသူများကပြောသည်။
“အဓိကတော့ မြေဆီ၊ ဘိလပ်မြေရယ်၊ သံချောင်းတွေကို စစ်တပ်က သယ်ယူခွင့်ပိတ်ပင်တာဖြစ်တယ်။ အဲ့ဒါတွေ လိုင်းဘုတ်တွေမှာ တင်ဆောင်ခွင့်မပြုပါဘူး”ဟုပြောသည်။
ယင်းကဲ့သို့ လိုင်းဘုတ် စက်လှေများတွင် မြေဆီ၊ ဘိလပ်မြေ၊ သံချောင်းများအား စစ်တပ်က တင်ခွင့် မပေးသည့်အတွက် ပန်းမြောင်းတိုက်နယ်တွင် ယင်းပစ္စည်းများ စျေးနှုန်းမြှင့်တက်လာမှာကို ဆောက်လုပ်ရေးလုပ်ကိုင်သူများနှင့် လယ်ယာလုပ်ကိုင်သည့် တောင်သူများက စိုးရိမ်နေကြသည်။
လိုင်းဘုတ်စက်လှေများတွင် မြေဆီ၊ ဘိလပ်မြေနှင့် သံချောင်းများအား တင်ဆောင်ခွင့်ပိတ်ထားသော်လည်း စျေးနှုန်းများ ယခင်အတိုင်းရောင်းချနေပြီး စျေးတင်ရောင်းနေခြင်းမရှိကြောင်း ကုန်သည်များကပြောသည်။
“သယ်ယူခွင့် ပိတ်ပင်လိုက်တာကတော့ ကျမတို့လည်းကြားရတယ်။ မှာလို့တော့ မရတော့ဘူး။ လောလောဆယ် ရှိနေတာကို ပုံမှန်စျေးအတိုင်းရောင်းချနေပါတယ်။ စျေးတင်ပြီးတော့ ရောင်းချနေတာတော့မရှိဘူး။ စိတ်မကောင်းဖြစ်မိတာက ကြာကြာ ပိတ်ပင်ထားမှာတော့ စိုးရိမ်ပါတယ်။ အတက်နိုင်ဆုံး အမြန်ဆုံးပြန်ဖွင့်ပေးနိုင်ရင်တော့ကောင်းမယ်”ဟုပြောသည်။
အင်းအား ၁၀၀ ခန့်ရှိသည့် ပန်းမြောင်းအောင်မင်္ဂလာတောင်ထိပ်ပေါ်တွင် စစ်ကောင်စီတပ်သားများသည် အခုရက်ပိုင်းများတွင် ပုံမှန်သွားလာနေခြင်းနှင့် မတူဘဲ အင်အား ၃၀ ကနေ ၄၀ အထိတောင်ထိပ်ကနေ ဆင်းလာပြီး ရိက္ခာများ အပြောင်းအရွေ့ လုပ်နေခြင်းကြောင့် ဒေသခံများကစိုးရိမ်မှုများရှိနေကြသည်။
မြောက်ဦးမြို့ပေါ်ကနေတဆင့် စက်လှေများဖြင့် အဆိုပါ ရိက္ခာများကို သယ်ဆောင်လာပြီး စက်လှေပေါ်များတွင် တာရှည်ခံ အစားစာများဖြစ်ကြသည့် ခေါက်ဆွဲထုပ်များ၊ မုန့်ထုပ်များနှင့် ဆေးဝါးများစသည့် ပါဆယ်ထုပ်ကြီးများကို နေ့စဉ် ရက်ဆက်ပြောင်းရွှေ့နေကြလို့ ဒေသခံများမှ စိုးရိမ်နေကြခြင်းဖြစ်သည်။
ယင်းအပြင် မြို့နယ်အသီးသီးမှ ပလက်ဝနှင့် အမ်းမြို့နယ် ကဇုကိုင်းဖက်သို့ ဆန်ရိက္ခာ၊ စားနပ်ရိက္ခာများကို သယ်ဆောင်ခွင့်အား စစ်တပ်က ပိတ်ထားပြီး ယင်းကဲ့သို့ သယ်ဆောင်ခွင့် ရရှိဖို့ ရခိုင်ပြည်နယ် စစ်ကောင်၏ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီးထံမှ တင်ဆောင်ခွင့် လက်မှတ်ပါမှ သယ်ယူခွင့်ရရှိကြောင်း သိရသည်။
https://www.facebook.com/westernnewsagency/posts/561165279023314