စစ်တွေ ကယ်ဆယ်ရေးတံတားအနီး ထိုးသွင်းဒဏ်ရာများနှင့် အမျိုးသား ၁ ဦး သေဆုံးလျက်တွေ့ရှိ

By Narinjara /2022 July 14

ဓာတ်ပုံ – ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကယ်ဆယ်ရေးတံတားအနီးတွင် ထိုးသွင်းဒဏ်ရာများနှင့် အမျိုးသားအလောင်းတစ်လောင်းကို ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၈ နာရီခန့်က အနီးအနားမှ ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအလောင်းမှာ စစ်တွေမြို့နယ်၊ မင်းဒရားချိတ်ရွာဟောင်းကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဦးကျော်လှဌေး၏အလောင်းဖြစ်ပြီး ၎င်း၏ နောက်ကျောနှင့်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများတွေ့ရှိရသဖြင့် လူသတ်မှုဖြစ်နိုင်ကြောင်း အလောင်းကိုသွားရောက်သယ်ယူခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုသာကီဖြိုးက နိရ ဉ္စရာသို့ပြောသည်။

“ကျနော်တို့ကြည့်တာကတော့ လူသတ်မှုလို့ခန့်မှန်းလို့ရပါတယ်။ သူ့မှာဒဏ်ရာက ကျောမှာတစ်ချက်၊ ရင်မှာတစ်ချက်ရယ်၊ နောက်ပြီးတော့ ခေါင်းမှာလည်းရှိပါတယ် ဒဏ်ရာက။ ခေါင်းမှာက နဖူးမှာ နည်းနည်းပေါက်နေတဲ့ ဒဏ်ရာပါ” ဟုပြောသည်။

လက်ရှိတွင် အဆိုပါအလောင်းကို စစ်တွေဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ထားပြီး သေဆုံးသွားသူ၏ မိသားစုဝင်များနှင့်လည်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ဆက်သွယ်ပေးနေကြောင်း သိရသည်။ (NN-8)

https://www.facebook.com/narinjara.info/posts/5637149199630444

Leave a Reply

Your email address will not be published.