By Western News /2022 July 15
ရခိုင်ပြည်နယ် စစ်တွေ-ကမ်းထောင်းကြီးသို့ သယ်ယူပို့ဆောင်ရေးလုပ်နေသည့် ဘုတ်များတွင် သံထည်ပစ္စည်းများ၊ ဘိလပ်မြေ၊ မြေဆီနှင့် ဆန်ရိက္ခာတို့ကို ရခိုင်ပြည်နယ် စစ်ကောင်စီ၏ နယ်လုံဝန်ကြီး လက်မှတ်ပါမှသာ သယ်ယူခွင့်ရကြကြောင်း သိရသည်။
ထိုသို့ပုံမှန်သယ်ယူခွင့်ပိတ်ထားသည်မှာ နှစ်ပတ်ကျော်ခန့်ရှိနေပြီဖြစ်ပြီး သယ်ယူခွင့်ရရှိရန်တင်ပြသည့်အခါ အချိန်ကြန့်ကြာမှုများရှိသည့်အတွက် ပစ္စည်းများမသယ်ယူရသည့်အခါမျိုးများလည်းရှိသည်ဟု ဘုတ်မောင်းနှင်နေသူ တစ်ဦးကပြောသည်။
“ဒီလိုခွင့်ပြုချက်နဲ့ သယ်ယူရတာတော့ ၂ ပတ်ကျော်လောက်ရှိပါပြီ။ အဓိကကတော့ သံထည်ပစ္စည်းတွေ၊ ဘိလပ်မြေ၊ ဆန်ပေါ့။ ဒါတွေကိုသယ်မယ်ဆိုရင် နှစ်ဖက်အရောင်းလိုင်စင်၊ ဘုတ်လိုင်စင်တွေနဲ့တကွ သယ်ယူခွင့်ရဖို့တင်ပြရတယ်။ အဲ့မှာ အခက်ခဲကတော့ တစ်ခါတစ်ခါ တင်ပြတာက ခွင့်ပြုချက်မကျလာဘဲ ကြာနေတာတွေရှိတယ်။ ကျနော်တို့ဘုတ်ဆို နှစ်ပတ်လောက် အဲ့ပစ္စည်းတွေမတင်လိုက်ရဘူး” ဟုပြောသည်။
ယခုကဲ့သို့ပုံမှန်သယ်ယူခွင့်ပိတ်ထားမှုကြောင့် ကမ်ထောင်းကြီးတွင် နဂိုမြင့်တက်နေသည့် ကုန်စျေးနှုန်းများအပြင် လက်ရှိဆန်စျေးနှုန်းကပါ ထပ်ဆင့်မြင့်တက်လျှက်ရှိပြီး အကျပ်အတည်းကြုံနေကြရသည်ဟု ကမ်းထောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
“အခု နှစ်ပတ်အတွင်းမှာ ဆန်စျေးနှုန်းတက်သွားတယ်။ ဘုတ်တွေက ဆန်သယ်ယူခွင့်အရင်လိုမရဘူးလို့ကြားတယ်။ ဆန်တင်မဟုတ်ပါဘူး တစ်ခြားအရာတွေလည်း အကုန်တက်နေတာ။ ခုထပ်တက်လာတော့ပိုဆိုးတာပေါ့။ ရွာမှာလည်း ခုအရင်လိုမငြိမ်းချမ်းတော့ဘူး အကျပ်အတည်းများလာတော့ အိမ်တက်ပြီး ဓားထောက်တောင်းလာတာတွေဖြစ်နေတယ်” ဟုပြောသည်။
အလားတူပင် စစ်တွေ-ပန်းမြောင်း ဘက်သို့လည်း မြေဆီ၊ သံချောင်းနှင့် ဘိလပ်မြေတို့ကို ဇူလိုင် ၄ ရက်နေ့မှ တင်ဆောင်ခွင့်ပိတ်ထားသည်။
ဤသို့လုပ်ဆောင်မှုမှာ မည်သည့်အကြောင်းကြောင်းဖြစ်သည် ပြောကြားမှုမရှိသကဲ့သို့ အချိန်ကာလအတိုင်းအတာအားဖြင့် မည်မျှကြာမည်ကိုလည်း သိရှိမှုမရှိဟု ဘုတ်မောင်းနှင်သူများကပြောသည်။
ထိုအကြောင်းအရာများနည်းတူ ရန်ကုန်မှ ရခိုင်ဘက်သို့ သယ်ယူသည့်ကုန်ပစ္စည်းများတွင်လည်း ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းအချို့ကို နယ်လုံခွင့်ပြုချက်ဖြင့်သာ သယ်ယူခွင့်ပြုထားသည်မှာ ၁ နှစ်ကျော်ခန့်ရှိလာပြီဖြစ်သည်။
ထိုအကြောင်းအရာများနှင့် ဆက်စပ်၍သိရှိနိုင်ရန် ရခိုင်ပြည်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို မေးမြန်းနိုင်ရန် Western News ဆက်သွယ်မှုတို့ပြုလုပ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
Western News-WN
https://www.facebook.com/westernnewsagency/posts/563124018827440