စစ်တွေမြို့၊ကယ်ဆယ်ရေးတံတားနားမှာ ဓါးထိုး ဒဏ်ရာနဲ့သေဆုံးသူ အလောင်းတစ်လောင်းတွေ့

By Voice Of Westland/2022 July 14

ဓာတ်ပုံ – မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ကယ်ဆယ်ရေးတံတားအနားမှာ ဓါးထိုး ဒဏ်ရာနဲ့ သေဆုံးသူ အလောင်းတစ်လောင်းကို ဒီနေ့၊ဇူလိုင်လ ၁၄ ရက်၊ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းက သိရပါတယ်။

သေဆုံးသွားသူဟာ စစ်တွေမြို့နယ်၊မင်းဒရားချိတ်ကျေးရွာက ဦးကျော်လှဌေး၊အသက် ၃၉ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ငါးဖမ်းလှေမှာ အငှားလိုက်နေသူတစ်ယောက်ဖြစ်ပြီး၊ မနေ့ကဇူလိုင်လ ၁၃ ရက်နေ့က နေ့လည် ၂ နာရီက အပြင်ထွက်သွားတာ ညနေအထိ ပြန်ရောက်လာခြင်းမရှိပဲ ဒီနေ့မှာ ဓါးထိုးဒဏ်ရာ သုံးချက်နဲ့ ကယ်ဆယ်ရေးတံတားဘေးမှာ သေဆုံးလျက်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အဖွဲ့က ကိုသာကီဖြိုးက VOW ကို ပြောပါတယ်။

“သူ့ခန္ဓာကိုယ်မှာ ဓါးထိုးဒဏ်ရာ သုံးချက်လောက် ရှိပါတယ်။ နောက်ကျောမှာတစ်ချက် ရင်ဘတ်မှာ တစ်ချက် မျက်နှာတစ်ခုလုံးလည်း ရောင်ရမ်းနေပါတယ်။ သူက ငါးဖမ်းလှေမှာ လိုက်နေတာလို့ပြောပါတယ်။ နေ့ခင်းဖက် ၂ နာရီလောက်က အပြင်ထွက်သွားတာ ညနေအထိ ပြန်မရောက်လာဘူးလို့ပြောပါတယ်။ဒီနေ့၊မနက်ပိုင်းက အလောင်းကို တွေ့ခဲ့တာပါ” လို့ ဆိုပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို စစ်တွေမြို့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင်လ ၁၃ ရက်နေ့ကလည်း စစ်တွေမြို့က ရွှေဆိုင်တစ်ဆိုင်မှာ သိန်းလေးဆယ်နီးပါး တန်ဖိုးရှိတဲ့ လက်ကောက်နှစ်ကွင်း ခိုးယူမှုဖြစ်ပွားခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ အများပြည်သူ အပန်းဖြေတဲ့နေရာတွေ ဖြစ်တဲ့ ကမ်းခြေတွေမှာလည်း လူသေအလောင်းတွေ မကြာခဏဆိုသလို တွေ့ရှိလာရတဲ့အတွက် သတိထားစရာတွေ ဖြစ်လာနေသလို တာဝန်ရှိသူတွေအနေ ဒီအမှုတွေကို စုံစမ်းဖော်ထုတ် အရေးယူသင့်တယ်လို့လည်း မြို့ခံတွေက ပြောဆိုကြပါတယ်။

https://www.facebook.com/VOW2ppl/posts/178898754529510

Leave a Reply

Your email address will not be published.