စစ်တပ်အလိုကျ ဖွဲ့စည်းပုံအခြေခံဥပဒေတွေက တိုင်းရင်းသားတွေအတွက် ဘာတွေပေးထားသလဲ

By Border News Agency/2022 July 04

အာကာပျံ(သံတွဲ)ရေးသားသည်။

(ဓာတ်ပုံ-အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) လက်ထက်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ/BNA)

ထွန်းလှဖြူသည် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်ကာလကို သိမှီခဲ့သည်။ကိုယ်တိုင် ကိုယ်ကျပါ၀င်ရေးဆွဲခြင်း မပြုခဲ့ဘူးသော်လည်း ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို လမ်းစဉ်ပါတီမှဦးဆောင်ပြီး တိုင်းရင်းသားပြည်သူများရှိရာ မြို့နယ်များသို့ သွားရောက်ရှင်းပြခဲ့ရာ

တက်ရောက်နားထောင်ခွင့်လေ့လာခွင့်ရခဲ့ ကြောင်းဆိုသည်။တက်ရောက်လာကြသူများကလည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးအကြံပေးခဲ့သည်များကိုလည်း ကြားသိတွေ့မြင်ခဲ့ရကြောင်း ၎င်းက ပြောသည်။

“ကိုယ့်အနေနဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းခဲ့တဲ့ အုပ်ချုပ်မှုယန္တရားတွင် ဝန်ထမ်း တစ်ဦးအဖြစ်ပါ၀င်လှုပ်ရှားခဲ့ရတယ်။ကြိုက်သော်ရှိ၊မကြိုက်သော်ရှိ ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါဆိုရှယ်လစ်ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားလည်ပတ်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါ၀င်ဆောင်ရွက်ခဲ့ရတာကိုတော့ဝန်ခံရမျာပဲ။အဲဒီတုန်းက တစ်ပါတီတည်းလေ။ ပြီးတော့ လမ်းစဉ်ပါတီက နိုင်ငံတော်ကို ဦးဆောင်တဲ့တစ်ခုတည်းသောပါတီလေ” ဟုပြောသည်။

၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရာတွင်မူ ပြည်သူများပါ၀င်ခွင့်မရခဲ့ပေ။အလွှာအသီးသီးမှအသိပညာရှင်၊အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းရေးဆွဲခဲ့သည်ဟုဆိုသော်လည်း ထိုစဉ်ကစစ်အစိုးရနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စိတ်တိုင်းကျရွေးချယ်ခဲ့သောပုဂ္ဂိုလ်များဖြင့်ရေး ဆွဲခဲ့ခြင်း ဖြစ်သည်။အငြိမ်းစားဝန်ထမ်းများနှင်လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ၀န်ထမ်းများမှာ အများစု ဖြစ်ကြသည်။

ပြည်သူ့ကိုယ်စားလှယ်များဟုဆို၍မရ။၁၉၉၀ ပြည့်နှစ်၊ရွေးကောက်ပွဲ အနိုင်ရှိခဲ့သော နိုင်ငံရေးပါတီမှပုဂ္ဂိုလ်များ အချိုးကျပါ၀င်ခွင့်ရရှိခဲ့သည်ဆိုသော်လည်း ပြောပလောက်အောင်မရှိခဲ့ပေ။ ထိုအထဲအမျိုးသားဒီမိုကရေစီအဖွဲချုပ်အပါအဝင် တိုင်းရင်းသားပါတီများမှာ ဖျက်သိမ်းခြင်းခံခဲ့ရသဖြင့်ကိုယ်စားလှယ်အဖြစ်ပါ၀င်ခွင့်ပင်မရှိခဲ့သည်ကို တွေ့ခဲ့ရကြောင်း သမိုင်းကြောင်းကို ထွန်းလှဖြူက

ပြောပြသည်။

“ပြောရမယ်ဆိုရင်ကွာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများသို့ချပြ အကြံတောင်း

ရေးဆွဲခဲ့တယ်ဆိုပေမယ့် မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီရဲ့လမ်းညွှန်မှုအောက်မှာ ရေးဆွဲခဲ့တာကြောင့်

ဆိုရှယ်လစ်အငွေ့အသက်မကင်းတဲ့ အခြေခံဥပဒေတစ်ရပ်ဖြစ်သလို တစ်ပါတီအာဏာရှင်ဆန်တဲ့

ဥပဒေဖြစ်ခဲ့တယ်။ဒီလိုပဲ ၂၀၀၈ ခုနှစ်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမှာလည်း စစ်တပ်ကဦးဆောင်ရေးဆွဲ ခဲ့တဲ့ဥပဒေဖြစ်လို့ တပ်ရဲ့အလိုကျရေးဆွဲရတဲ့ ဥပဒေတစ်ရပ်ပဲဖြစ်တယ်။အများကလက်ခံခြင်းမပြုနိုင် တဲ့လွှတ်တော်အသီးသီးမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်ရမယ်ဆိုတာရယ်၊တပ်မတော်ဟာနိုင်ငံတော်ဦးဆောင်မှုအခန်းမှာရှိနေရမယ်ဆိုတာရယ်ပါတာကိုပဲ ကြည့်တော့”ဟုထောက်ပြ သည်။

မဟာဗမာလူမျိုးကြီးဝါဒ

၁၉၇၄ ခုနှစ်၊အခြေခံဥပဒေကိုရေးဆွဲခဲ့စဉ်က အခြေခံဥပဒေမူကြမ်းအားချပြရာတွင် ပြည်နယ်နှင့်တိုင်း များအားဖွဲ့စည်းရာတွင် လူမျိုးအမည်ကိုမသုံးဘဲဖွဲ့စည်းရန် အဆိုပြုတင်ပြခဲ့သည်ကိုမှတ်သားခဲ့ရ ကြောင်းဖြင့်၎င်းသိမှီ ခဲ့သည်များကိုပြောပြသည်။

“ပြောရမယ်ဆိုရင်ကွာ ရခိုင်ပြည်နယ်ကိုဓညဝတီတိုင်း၊မွန်ပြည်နယ်ကိုရာမညတိုင်း၊ရှမ်းပြည်နယ်ကို

ကမ္ဘောဇတိုင်း၊ကယားပြည်နယ်ကိုကန္တာရဝတီတိုင်းစသည်ဖြင့်ပေါ့ကွာ။စစ်ကိုင်းတိုင်းကိုဆိုရင်

ဇေယျာရွှေပြည်တိုင်း၊မန္တလေးတိုင်းကိုရတနာပုံတိုင်း၊ပဲခူးတိုင်းကိုဥဿာတိုင်း စသည်ဖြင့်ပေါကွာ။

အမည်တွေ ပြင်ဆင်ဖွဲ့စည်မယ်ဆိုပြီးတင်ပြလာခဲ့တာကို တွေ့ခဲ့ရတယ်။ဒီအချိန်ကအမြင့်ဆုံး အဖွဲ့အစည်းတွေဖြစ်တဲ့ ဒေသပါတီကော်မတီ အမည်တွေကိုလည်း လူမျိုးအမည်ပါတဲ့တိုင်းဒေသ ကြီးအဖြစ် ဖွဲ့စည်းခေါ်ဝေါ်ခြင်းမပြုဘဲ တိုင်းခွဲ ၁၊ တိုင််းခွဲ ၂—–၃၊—၄–စသည့်ဖြင့်ဖွဲ့စည်း ခေါ်ဝေါ်ခဲ့တာကို တွေ့ရတယ်။ကိုယ်တို့ရခိုင်တိုင်း ဒေသပါတီကော်မတီရဲ့အမှတ်က တိုင်းခွဲ ၁၃ ပေါ့”ဟု

ပြောပြသည်။

၁၉၈၈ ခုနှစ်၊လူထုအုံကြွမှုဖြင့် လမ်းစဉ်ပါတီအစိုးရအား ဖြုတ်ချခဲ့သည်။စစ်တပ်က အာဏာရယူခဲ့ပြီး၊

၁၉၇၄ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖျက်သိမ်းခြင်းခံလိုက်ရသည်။သို့ဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေးဆွဲရန် ဖြစ်လာခဲ့သည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင်လည်း ၁၉၇၄ နှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပြင်ဆင်ထည့်သွင်းရန် အကြံပြုခဲ့သည့်အတိုင်းလူမျိုးကို အခြေခံသော ပြည်နယ်များ၏ဖြစ်တည်မှုကိုမလိုလားဘဲ နယ်မြေကို အခြေခံပြုသည့်အမည်နာမ များကို ပင်ဆင်ရန် ထည့်သွင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်းဖြင့် ထွန်းလှဖြူကနောက်ကြောင်း ပြန်ပြောပြသည်။

“ကံကောင်းတာက တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ပဲကွ။စစ်တပ်အလိုကျ ရွေးချယ်ခြင်း

ခံထားရတယ်ဆိုပေမယ့် အခြေခံဥပဒေရေးဆွဲရေးတွင်ပါ၀င်ခွင့်ရထားတဲ့ တိုင်းရင်းသားကိုယ်စားလှယ် တွေရဲ့ ကန့်ကွက်မှုကြောင့် လူမျိုးကိုအခြေခံတဲ့ တိုင်းအမည်တွေကို ပယ်ဖျက်ပြင်ဆင်ဖို့ ဆောင်ရွက်မှု မအောင်မြင်ခဲ့ပေဘူး။ ဒါပေမယ့် လူမျိုး ၁၃၅ မျိုးအမည်စာရင်း တစ်ခုထွက်ပေါ်လာခဲ့တာပဲ။ဒါကမဖြစ် သင့်တာလေ။လူမျိုးတစ်မျိုးကိုပယ်ဖျောက်ဖို့ ကြိုးစားတာဟာ မိုက်မဲတာပဲကွ”ဖွဲ့စည်းပုံအခြေခံဥပဒေ သည် အစိုးရနှင့်ပြည်သူများအကြား ချုပ်နှောင်ထားသော စည်းမျဉ်းဖြစ်သည်။

အခြေခံဥပဒေတွင် လူမျိုးကိုအခြေခံသော ပြည်နယ်များပါရှိခြင်း၊မရှိခြင်းမှာတိုင်းရင်းသားလူမျိုးအား လုံး၏အမည်နာမကိုပယ်ဖျောက်ပြီး တစ်ခုတည်းသောဗမာပြည်ထောင်စုကိုတည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ဤဆောင်ရွက်ချက်သည် အုပ်ချုပ်သူဗမာလူမျိုးများ၏ မရိုးဖြောင့်မှုကို တွေ့မြင်ရကြောင်း ထွန်းလှဖြူကထောက်ပြ ဝေဖန်သည်။

ကံအကြောင်းအားလျော်စွာ ၁၉၇၄ ခုဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း၊၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်းကောင်း လူမျိုးကိုအခြေခံသော ပြည်နယ်များအဖြစ်တည်ရှိခွင့်ရရှိနေခြင်းမှာ အားရဖွယ်ဖြစ်သလို၊ပြည်ထောင်စုဖွား တိင်းရင်းသားလူမျိုးများ၏ချစ်ကြည်စည်းနှောင်မှုကိုလည်း အထောက်အကူပြုနေသည်ဟု ဆိုရမည်ဖြစ်ကြောင်း ထွန်းလှဖြူကသုံးသပ်သည်။

၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ

သို့ရာတွင်ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ရပ်စလုံး၌ပင််ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်များအကြားအာဏာ ခွဲဝေ ကျင့်သုံးမှု မညီမမျှမှုများရှိနေသည်ကိုတွေ့ရမည်ပင်ဖြစ်သည်။၁၉၇၄ ခုနှစ်ဥပဒေသည်တစ်ပါတီ စနစ်၊ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အခြေခံထားသည်ဖြစ်ရာ ဗဟိုချုပ်ကိုင်မှုများလွန်းသည်။၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ပြည်နယ်အစိုးရနှင့်ပြည်နယ်လွှတ်တော်ဟု ခေါ်ဆိုနိုင်သည့်ပြည်သူ့ကောင်စီ များကို ဖွဲ့စည်းခွင့်ရခဲ့သည်။

ဒေသအစိုးရဟုဆိုနိုင်သော ရပ်ကွက်၊ကျေးရွာအုပ်စုပြည်သူကကောင်စီ၊မြို့နယ်ပြည်သူ့ကောင်စီများကို ဖွဲ့စည်းကာ စီမံခန့်ခွဲရေး၊တရားစီရင်ရေး အာဏာများကိုပြည်သူ့ကိုယ်စားလှယ်များ ကိုင်တွယ်ကျင့်သုံး ခွင့်ရခဲ့သည်။

ပြည်နယ်ပြည်သူ့ကောင်စီတွင် ဥက္ကဋ္ဌ၊အတွင်းရေးမှူးပါ၀င်သော အလုပ်အမှုဆောင်အဖွဲ့ဖြင့် ပြည်နယ်၊

တိုင်းများ၏ စီမံခန့်ခွဲခွင့်ကို ကျင့်သုံးနိုင်ခဲ့သည်။သို့ရာတွင် နိုင်ငံတော်၏ ဦးဆောင်ပါတီဖြစ်သောဒေသ ပါတီကော်မတီများ (တိုင်းမှူးများ)၏ ချုပ်ကိုင်မှုနှင့် လွတ်ကင်းခြင်းမရှိခဲ့။တရားစီရင်ရေးတွင်လည်းပြည်သူ့ကိုယ်စားလှယ်များပါ၀င်သော တရားသူကြီးအဖွဲ့များဖြင့် စီရင်ဆုံးဖြတ်ခွင့်ရခဲ့သည်။သို့ရာတွင် ဒေသဆိုင်ရာအစိုးရဖြစ်သော ပြည်သူ့ကောင်စီများသည် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲပိုင်ခွင့်မရှိခဲ့။ဗဟိုမှချမှတ်ပေးသည့်အတိုင်းသာ လုပ်ဆောင်ခဲ့ရသည်။ဆိုလိုသည်မှာ ကျောင်းတစ်ကျောင်း၊ဆေးရုံ၊ဆေးပေး ခန်းတစ်ခု၊ လမ်းတစ်လမ်းဖေါက်လုပ်ရန် ဘဏ္ဍာငွေသုံးခွဲခွင့်မရှိခဲ့။ဘဏ္ဍာငွစီမံခန့်ခွဲမှုမှာဗဟိုမှချုပ်ကိုင် ထားခြင်းဖြစ်သည်။၀န်ထမ်းရေးရာ စီမံခန့်ခွဲပိုင်ခွင့် အနည်းအကျဉ်းသာ ရှိခဲ့သည်။

“၁၉၇၄ ခုနှစ်အခြေခံဥပဒေကပြောတော့သာ ဆိုရှယ်လစ်ဒီမိုကရေစီ။ဒါပေမယ့် ဒီမိုကရေစီမဆန်ခဲ့ဘူး။ဗဟိုကပြောတိုင်းလုပ်ကိုင်ခဲ့ရတာပဲ။ပြည်သူတွေပါ၀င်တဲ့ပြည်သူ့ကောင်စီအဆင့်ဆင့်ဆိုတာလည်းအပေါ် ကခိုင်းတာကို လိုက်နာအကောင်အ ထည်ဖော်ပေးခဲ့ရတာပဲ။တိုင်းရင်းသားဒေသတွေမှာတိုင်းရင်း သားတွေကိုယ်တိုင် စီမံအုပ်ချုပ်ခွင့်ရသယောင်ယောင်ဆိုပေမဲ့ တိုင်းရင်းသားတွေအတွက်ဘာမှမထူး ခြားခဲ့ဘူး”ဟု ထွန်းလှဖြူက ပြောသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပါ၀င်ခွင့်မရသော်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်အတည်ပြုရာတွင်မှု ထောက်ခံမဲပေးခြင်းဖြင့်တတပ်တအားပါ၀င်ခဲ့ကြောင်း ထွန်းလှဖြူက ပြောသည်။နီးစပ်သူများကိုလည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံကြရန်စည်းရုံးဆော်သြပေးခဲ့ ကြောင်း ပြောသည်။

“နှစ်သက်သဘောကျလို့တော့မဟုတ်ဘူးကွ။”ဟုလည်းဆိုသည်။

အထူးသဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရဖွဲ့စည်းရာတွင် ပြည်နယ်အစိုးရအား မိမိတို့သဘောကျ ရွေးချယ်တင်မြှောက်နိုင်ခြင်းမရှိသည့်ကိစ္စရပ်များ၊ နိုင်ငံတော်အုပ်ချုပ်ရာတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ % ပါ၀င်သည့်ကိစ္စရပ်များ ကိုဘဝင်မကျခဲ့။

သို့ရာတွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခြင်းမပြုနိုင်ခဲ့လျှင် စစ်အာဏာရှင်တို့ လက်အောက်တွင် ဆက်လက်ရှင်သန်နေသွားကြရဦးမည်။ အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲဖို့ အချိန်တွေဘယ်လောက် ကြာအုံးမည်ကိုလည်းမသိနိုင်။ထိုကြောင့် စစ်အစိုးရ၏စိတ်ကြိုက်ရေးဆွဲ ထားသော ၂၀၀၈အခြေခံဥပဒေအတည်ဖြစ်ရေးကို ထောက်ခံခဲ့ခြင်းဖြစ်ကြောင်းဖြင့် ထွန်းလှဖြူက ပြောသည်။

“ဒို့အနေနဲ့ကတော့ကွာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ဖြစ်ပြီး ဥပဒေနှင့်အညီ အုပ်ချုပ်ရေး

အဖွဲ့တွေ ဖွဲ့စည်းဖြစ်ပေါ်လာသည့်တိုင် ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး ပီပီပြင်ပြင်

ရရှိလာနိုင်ဦးမယ်လို့ မမျှော်လင့်ထားဘူး။အနည်းဆုံးအုပ်ချုပ်မှု ၅ နှစ်သက်တမ်း၊နှစ်ကြိမ်၊သုံးကြိမ်ခန့် မှသာ ရရှိနိုင်မှာပဲလို့ မျှော်လင့်ခဲ့တယ်။ခေတ်တစ်ခေတ်နဲ့တစ်ခေတ် အကူးအပြောင်းဟာမြန်မာနိုင်ငံ သမိုင်းမှာ ၁၀ နှစ်၊၁၄ နှစ်လောက်ကြာတတ်တယ်ဆိုတာ သမိုင်းမှာရှိပြီးသား။ဒါကြောင့်ကိုယ်တို့ ထောက်ခံမဲပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း တစ်စချင်းပြင်ဆင်နိုင်မယ်လို့မျှော်လင့်ခဲ့ တယ်။ဒါပေမယ့်လည်း နိုင်ငံရေးသမားတွေ အပြောအဆိုမတတ်တာ၊မလိမ္မာတာတွေကြောင့် ခုတော့ မြင်ရတဲ့အတိုင်းပဲ။”ဟု ဆိုသည်။

လက်တွေ့အနေအထား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ကျွမ်းကျင်သူဥပဒေပညာရှင်များက ဤဥပဒေတွင်

ဖက်ဒရယ်စနစ်၊သဘောတရားများပါ၀င်နေကြောင်း ထောက်ပြနေကြသည်များကို တွေ့ရသည်။ယေဘု ယျအားဖြင့် မှန်ချင်မှန်မည်။သို့ရာတွင် လက်တွေ့ဆောင်ရွက်ရာ၌ မည်သို့ရှိပါသနည်း။အထူးသဖြင့် အောက်ခြေအဆင့် (တိုင်းဒေသကြီးများနှင့်ပြည်နယ်အဆင့်)တွင် ဆောင်ရွက်ချက်များကို လက်တွေ့ အားဖြင့်လေ့လာဆန်း စစ်ကြည့်နိုင်ရန်လိုသည်။ ယထာဘူတကျကျ ကြည့်မြင်တတ်ရန်လိုကြောင်း ထွန်းလှဖြူက ပြောသည်။

“တိုင်းဒေသကြီးများနဲ့ပြည်နယ်အဆင့်မှာ ဗဟိုမှာလို ဥပဒေပြုရေးမဏ္ဍိုင်၊အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရား

စီရင်ရေးမဏ္ဍိုင်များထားရှိပြီး မဏ္ဍိုင်သုံးရပ် အပြန်အလှန်ထိန်းကျောင်းတယ်ဆိုပေမယ့်၊ ၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အစိုးရဖွဲ့စည်းစဉ်ကပင် လွှဲမှားနေတာကွ။၀န်ကြီးချုပ်ကိုပြည်နယ် လွှတ်တော်အတည်ပြုတယ်ဆိုပေမယ့် ဝန်ကြီးချုပ်ဟာပြည်နယ်လွှတ်တော်က ရွေးချယ်ပေးသူမဟုတ်သလို၊အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုလည်း ပြည်နယ်လွှတ်တော်က ရွေးချယ်ခွင့်မရခဲ့ဘူး။၀န်ကြီးချုပ်ကို သမ္မတကခန့်အပ်သူကို (သတ်မှတ်အရည်အချင်း ပျက်ယွင်းသူမဟုတ်လျှင်)ပြည်နယ်လွှတ်တော်က မကန့်ကွက်နိုင်ဘူး။အတည်ပြုပေးရတယ်။ဒီလိုပဲ ၀န်ကြီးချုပ်ကရွေးချယ် တင်ပြလာတဲ့သူတွေကိုသာဝန်ကြီးအဖြစ် ပြည်နယ်လွှတ်တော်က အတည်ပြုပေးရတာကတော့ပြည်သူတွေရဲ့ ဆန္ဒကိုလုံးဝဆန့်ကျင်နေခြင်းပဲဖြစ်တယ်။” ဟု ထွန်းလှဖြူကပြောသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည်လည်းကောင်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လည်းကောင်းမိမိတို့အား အတည်ပြုခ့န်အပ်ပေးလိုက်သည့် လွှတ်တော်အား တာဝန်ခံရခြင်းမရှိဘဲ နိုင်ငံတော်သမ္မတကိုသာတာဝန်ခံရသဖြင့် ပြည်နယ်အစိုးရအဖွဲ့သည် သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် လုံးလုံးလျားလျားကြီးကျရောက်လျက် ရှိနေပေသည်။သို့ဖြင့် ပြည်နယ်၏ အမြင့်ဆုံးစီမံခန့်ခွဲရသည့် အစိုးရအဖွဲ့မှာ ဗဟို၏ချုပ်ကိုင်မှုအောက်တွင်ရောက်ရှိနေကြောင်း ပြောသည်။

“တိုင်းရင်းသားတွေအတွက်ဘာမှလုပ်ပိုင်ခွင့် မရှိဘူးကွ။တိုင်းရင်းသားတွေ ထိုင်ထားတဲ့လွှတ်တော်ဆို တာလည်း သင်္ကြန်အမြှောက်လိုပဲ။အသံသာထွက်တာ။ဘာမှအရာမရောက်ဘူး”ထွန်းလှဖြူကဆိုသည်။

ထို့အတူဘဏ္ဍာငွေစီမံခန့်ခွဲပိုင်ခွင့်ကို အထိုက်အလျောက်ခွဲဝေပေးထားသည်ဆိုသော်လည်း ပြည်နယ် နှင့်တိုင်းဒေသအစိုးရအဖွဲသည် မိမိပြည်နယ်တွင် တာဝန်ယူဆောင်ရွက်နေသော ဌာနအားလုံး၏ဘဏ္ဍာ ငွေများကို ကြီးကြပ်စီမံနိုင်ခွင့်မရှိပေ။ဥပမာအားဖြင့် ရခိုင်ပြည်နယ်တွင်ဝန်ကြီးဌာနအသီးသီးမှတာဝန် ထမ်းဆောင်နေကြသော ဦးစီးဌာနအဖွဲ့အစည်းပေါင်း ၈၀ ခန့်ရှိသော်လည်း ယင်းတို့အနက်ဌာန ၂၀၀န်း ကျင်ခန့်ကိုသာ စီမံခန့်ခွဲခွင့် ရရှိနေပေသည်။ပညာရေး၊ကျန်းမာရေး၊ဆည်မြောင်း၊သစ်တော၊ဆောက် လုပ်ရေး၊လူဝင်မှုကြီးကြပ်ရေးဌာနကြီးများ၏ ဘဏ္ဍာငွေသုံးစွဲမှုများ၊၀န်ထမ်းရေးရာကိစ္စရပ်များကို ပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဗဟိုအစိုးရအဖွဲ့လက်အောက်ဦးစီးဌာန များကတိုက်ရိုက်စီမံခန့်ခွဲလျက်ရှိသည်ကို တွေ့ရပေသည်။

ဤသို့ဖြင့်အများပြည်သူနှင့်သက်ဆိုင်သော ပညာရေး၊ကျန်းမာရေး၊ဆည်မြောင်းလုပ်ငန်းများတွင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တိုက်ရိုက်ပါ၀င်ဆောင်ရွက်နိုင်ခြင်းမရှိဘဲဗဟိုအစိုးရအဖွဲ့ (ဦးစီးဌာနများ)သို့တင်ပြခွင့်ပြုချက်တောင်းခံဆောင်ရွက်နေရခြင်းမှာ ဖက်ဒရယ်စနစ်နှင့် အံမဝင်လွဲချော်နေသည်ကိုတွေ့ရကြောင်း ထွန်းလှဖြူက ပြောသည်။

#BNA#ဖွဲ့စည်းပုံ#အခြေခံဥပဒေ#စစ်တပ်# တိုင်းရင်းသား#အခွင့်အရေး#

https://www.facebook.com/permalink.php?story_fbid=178545361254445&id=107469705028678

Leave a Reply

Your email address will not be published.