By Western News /2022 July 19

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ သုံးဘီးဆိုင်ကယ်မောင်းနေသော ဒေသခံတစ်ဦးသည် စစ်ကောင်စီ၏ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်များကပြောသည်။
ဆေးကုသမှု ခံယူနေရသူမှာ မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေ ရပ်ကွက်မှ အသက် ၃၀ ကျော်အရွယ် ကိုကျော်ဝင်းလှိုင်ဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့က မြို့ဦးမြို့အတွင်း သုံးဘီးဆိုင်ကယ်မောင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။
ကိုကျော်ဝင်းလှိုင် ဆီးခုံ(ယောက်ကျားကိုယ်အင်္ဂါအစိတ်အပိုင်း) ခြေထောက် လက်တို့တွင် အဓိက ဒဏ်ရာများရှိထားပြီး ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင် တစ်ဦးကပြောသည်။
“ဒဏ်ရာတွေကတော့ ခန္ဓာကိုယ်တစ်ခုလုံလိုလိုပဲ။ အဓိကတော့ ဆီးခုံ(ယောက်ကျားကိုယ်အင်္ဂါအစိတ်အပိုင်း)က အဆိုးဆုံးဖြစ်တယ်။ အဲဒီနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်ထားတယ်။ တခြားခြေတွေ လက်တွေနဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေက အများကြီးပဲ။ သူကို ဘယ်နေ့ကနေ ဆေးရုံတင်ထားရတယ်ဆိုတာမသိရဘူး။ စစ်တွေတပ်ဆေးရုံမှာကုသလို့ မရတော့မှ ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်ကို ပို့ဖို့အတွက် မိသားစုဝင်တွေကို မြောက်ဦးခရိုင်ရဲစခန်းမှတဆင့် အကြောင်းကြာလာတာ”ဟုပြောသည်။
လက်ရှိတွင် မိသားစုဝင်များအနေများ ကိုဇော်ဝင်းလှိုင်၏ ဆေးကုသမှုစရိတ်အတွက် အခက်အခဲများဖြစ်နေသည်ဟု သူကဆက်ပြောသည်။ ယခုဆေးကုသမှု ခံယူနေစဉ်မှာလည်း ရဲတပ်ဖွဲ့ဝင်များအား အစောင့်ချထားမှုများလည်းရှိသည်ဟု သူကဆက်ပြောသည်။
လက်ရှိတွင် ဆေးရုံက ဆင်းလျှင် သူကျန်းမာရေးအခြေအနေအရ အာမခံပေးဖို့ တင်ပြထားသည်ဟု မိသားစုဝင်များကပြောသည်။
ကိုကျော်ဝင်းလှိုင်အား စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံဆော်မှု ၅၀၅-က ဖြင့်မြောက်ဦးခရိုင်တရားရုံးတွင် တရာစွဲဆိုထားသည့်အပြင် သူပိုင်ဆိုင်သော သုံးဘီးဆိုင်ကယ်အားလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းထားကြောင်း သိရှိရသည်။
မြောက်ဦးမြို့တွင် ဇွန်လ ၂၁ ရက်နေ့က စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ) ၃ဦးကို AAက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက အရပ်သားအများအပြားကို ဖမ်းဆီးခဲ့သည်။
ယင်းနောက်တချို့ကို ပြန်လွှတ်ပေးခဲ့ကာ ကိုကျော်ဝင်းလှိုင်အပါအဝင် ၈ ဦးကိုနိုင်ငံတော်ဆူပူလှုံဆော်မှု ၅၀၅-က နဲ့တရားစွဲဆိုထားသည်။
ရခိုင်ပြည်နယ်တွင် ဇွန်လ အတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ကျော်ကို AA ကဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သား ၄၀ ကျော်ခန့်ကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးကာ အရပ်သား ၃၀ ကျော် နိုင်ငံတော်ဆူပူလှုံဆော်မှုပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
Western News- WN
https://www.facebook.com/westernnewsagency/posts/566536445152864