By Western News /2022 July 04
ရခိုင်ပြည်နယ်ဖက်ရှိ ကားလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်အလိုက် ဖြတ်သန်းသွာလာခွင့် ကန့်သတ်ထားပြီး ကန့်သတ်ကုန်တစ်ချို့ထားရှိမှုတို့မှာ အချိန်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်ဖြစ်သည်။
ကန့်သတ်ကုန်များထားရှိခြင်းမှာ တစ်နှစ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး စစ်ဆေးရေးဂိတ်များအလိုက်ကန့်သတ်ချိန်ထားရှိခြင်းမှာ ရခိုင်ဒေသတွင်း တိုက်ပွဲဖြစ်ပွားချိန်မှ စ၍ဖြစ်သည်။
ထိုသို့သောအကြောင်းရင်းများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ ကုန်ပစ္စည်းမှာယူသူများအနေဖြင့် ကုန်ကျစရိတ်ပိုကျခံရပြီး ကုန်စိမ်းများဆိုလျှင် အပျက်အစီးများ၊ အလေအလွှင့်များမှုကြောင့် အခက်တွေ့ကြရဆဲဖြစ်သည်ဟု ကုန်သည်များကပြောသည်။
ရခိုင်ဖက်သို့ ကန့်သတ်ကုန်များမှာ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်းနှင့် အခြားစားသောက်ကုန်ပစ္စည်းများပါဝင်ကာ အဆိုပါပစ္စည်းများသယ်ဆောင်လာပါက ကုန်ပစ္စည်းပိုင်ရှင်မှ နယ်လုံကြေးပေးဆောင်ရပြီး နယ်လုံဝန်ကြီး၏ ခွင့်ပြုချက်ပါမှသာ သယ်ဆောင်ခွင့်ရကြောင်း ကုန်ကားမောင်းနှင်သူများက ပြောသည်။
ကားတွင် ကန့်သတ်ကုန်များပါလာလျှင် ခွင့်ပြုချက်စာရွက်ပါသော်လည်း ဂိတ်မှထွက်ခွါခွင့်ရရှိရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းကြောင့် ၃ ရက်ခရီးမှာ ၅ ရက်ကြာသွားသည်များလည်းရှိသည်ဟု ရန်ကုန်-စစ်တွေ ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။
“ဂိတ်ကန့်သတ်ချိန်တွေကြောင့်လည်း အချိန်ကြာသလို စစ်ဆေးရေးများတာတွေကြောင့်လည်း အချိန်ကြန့်ကြာတယ်။ ကားတွေက တစ်စီးစနှစ်စီးစမှမဟုတ်တာ အများကြီးပဲလေ။ ဂိတ်တွေရောက်ရင် တန်းစီပြီးတော့ စောင့်နေရတာ။ ကန့်သတ်ကုန်တင်လာရင် အချိန်က ပိုထပ်ကြာ ခွင့်ပြုချက်စာရွက်ပါရင်လည်း အဲ့စာရွက်ကို သူတို့ယူသွားပြီး ပြန်လာပေးမှပဲ ကားကထွက်ရတယ်။ ၃ ရက်ခရီးကို ၅ ရက်လောက်ကြာသွားတာတွေလည်းရှိတယ်။ တစ်ချို့ကြက်သွန်နီတို့လိုဟာမျိုးတွေဆိုရင်တောင် အချိန်ကြာတာကြောင့် အပျက်အစီးတွေဖြစ်သွားတာတွေရှိတယ်” ဟုပြောသည်။
ထိုသို့အချိန်ကြန့်ကြာမှုများကြောင့် ကုန်စိမ်းမှာယူသူကုန်သည်များတွင် အခက်ပိုတွေ့ရပြီး ပျက်းစီးဆုံးရှုံးမှုလည်းများရှိကြောင်း စစ်တွေမြို့ရှိ သစ်သီးရောင်းချနေသူတစ်ဦးကပြောသည်။
“မှာရင်တစ်ဝက်လောက်က ပျက်စီးသွားတာပဲ။ ခုဆိုဆီစျေးတက်လို့ ကားစျေးတွေကလည်းအရင်ကထက်ပိုပေးရတာဆိုတော့ အကုန်အကျပိုများတယ်။ အပျက်အစီးနဲ့ ကုန်ကျစရိတ်နဲ့ပေါင်းလိုက်ရင် အရင်းရဖို့တောင်အနိုင်နိုင်ပါ။ ဒီကြားထဲအသီးစျေးတွေကတက်လို့ ဝယ်သူနည်းတော့ ရောင်းအားလည်းကျတယ်” ဟုပြောသည်။
မြောက်ဦးမှ ဆောက်လုပ်ပစ္စည်းရောင်းချသူတစ်ဦးက နယ်လုံကြေးမှာ ကုန်တန်ချိန်အလိုက်ပေးရခြင်းဖြစ်ပြီး ပစ္စည်းသယ်ယူခကုန်ကျစရိတ်အားလုံးကို ပစ္စည်းစျေးနှုန်းတွင်ပေါင်းထည့်၍ တောင်းရသည်ဟုပြောသည်။
“ပစ္စည်းတွေစျေးတက်တာကတော့ သယ်ယူပို့ဆောင်တဲ့ကုန်ကျစရိတ်ကြောင့်က ၉၀ ရာခိုင်နှုန်းပါနေတယ်။ ကျမတို့ရောင်းတဲ့ပစ္စည်းတွေကနယ်လုံကြေးပေးရတယ်။ ကုန်တန်ချိန်အနည်းအများအလိုက်ပေါ့။ အများဆုံးပေးရတာကတော့ ၃၀၀၀၀ လောက်ပါ။ ပစ္စည်းတွေကို ဝယ်တဲ့သူတွေပဲ စျေးနည်းစေချင်တာမဟုတ်ပါဘူး။ ကျမတို့ရောင်းသူတွေကို စျေးနည်းနည်းနဲ့ပိုရောင်းပေးချင်တယ် ပြီးမှအရောင်းသွက်ပြီး လုပ်ငန်းလည်ပတ်လို့အဆင်ပြေတာပါ” ဟုပြောသည်။
ကန့်သတ်ကုန်များထားရှိခြင်းနှင့် စစ်ဆရေးဂိတ်များအား အချိန်ကန့်သတ်မှုဖြေလျော့ပေးရန်ရှိမရှိမေးမြန်းရန် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား Western News မှဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပေ။
ရန်ကုန်မှ ရခိုင်သို့အလာတွင် ဂိတ်အလိုက် ပိတ်ချိန်ဖွင့်ချိန်များကန့်သတ်ထားပြီး အမ်းအဝင်အထွက်ဂိတ်၊ ကဇူးကိုင်း၊ ယောချောင်း၊ မင်းပြား ရာမောင်တံတားနှင့် မြောက်ဦး အဝင်အထွက်ဂိတ် များမှာ နံနက်နှင့် ည ၆ နာရီထိုးလျှင်ဖြတ်သန်းခွင့်ပိတ်ပြီး ထိုမှတစ်ဆင့် စစ်တွေဖက်သွားလျှင် ကျောက်တော်ဂိတ်၊ ကံဇောက်တောင်၊ ကျောက်တန်းဂိတ်နှင့် စစ်တွေအဝင်အထွက်ဂိတ်တို့လည်း အချိန်ကန့်သတ်ချက်ဖြင့်သာ ဖြတ်သန်းခွင့်ရကြပြီး စစ်ဆေးမှုများလည်း အဆင့်ဆင့်ခံယူကြရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/556259199513922