By Voice Of Westland/2022 July 25
စစ်ကောင်စီက တော်လှန်ရေးသမားများကို ရက်စက်မိုက်မဲစွာသေဒဏ်စီရင်ခဲ့ပေမယ့် နွေဦးတော်လှန်ရေးအတွက် ပိုမိုအကျိုးပြုမယ့် အနာဂတ်သူရဲကောင်းတွေ ထပ်မံမွေးဖွားလာမယ်လို့ ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့စွဲနဲ့ AA က ထုတ်ပြန်ပါတယ်။
ဦးဖြိုးဇေယျာသော် (ခ) မောင်ကျော် (ခ) ရေခဲ၊ ဦးကျော်မင်းယု (ခ) ဂျင်မီ၊ ဦးလှမျိုးအောင် (ခ) ကိုမျိုး (ခ) ဝက်ကြီး နှင့် ဦးအောင်သူရဇော် (ခ) ကတုံး (ခ) သူရ တို့ (၄) ဦးအား ရက်စက်စွာ နစက မှ သေဒဏ်ပေးတဲ့သတင်းထွက်ပေါ်လာပြီးနောက် ဒီကနေ့ ဇူလိူင်လ ၂၅ ရက်နေ့မှာ ရက္ခိုင့်တပ်တော်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒဏ်ကျခံမယ့် အကျဉ်းသား (၄) ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)မှ ၂၀၂၂ ခုနှစ်ဇူလိုင်လ (၂၄) ရက်နေ့တွင် ထုတ်ပြန်တဲ့သတင်းကို မမျှော်လင့်ဘဲ ကြားသိရတဲ့အတွက် မိမိတို့အဖွဲ့အစည်းသာမက မြန်မာပြည်သူလူထု တစ်ရပ်လုံးကိုပါများစွာထိတ်လန့် တုန်လှုပ်စေတယ်လို့ ကနဦးရေးသားဖော်ပြထားပါတယ်။
တစ်ပြိုင်နက်တည်းမှာ သေဒဏ်ပေးခံရသူတွေရဲ့ မိသားစု၊ ဆွေမျိုး၊ မြန်မာပြည်သူ လူထုတစ်ရပ်လုံးနှနဲ့ ထပ်တူဝမ်းနည်းခံပြင်းမိပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းရေးအတွက် များစွာရင်လေးမိတယ်လို့ ရေးသားထားပါတယ်။
ဒီလုပ်ရပ်ဟာ အမှန်တကယ်ဖြစ်ခဲ့ပါက နိုင်ငံတကာ၊ အိမ်နီးနားချင်းနိုင်ငံကြီးတွေနဲ့ အာဆီယံ အသိုင်းအဝိုင်းက ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မယ့် နိုင်ငံရေးအလားလာ လမ်းစကောင်းတွေကို နစက က ရင့်သီးစွာ ခြေနဲ့နင်းခြေဖျက်ဆီးပြလိုက်တယ်လို့ ရှုမြင်သုံးသပ်မိတယ်လို့
ပါရှိပါတယ်။
အလားတူ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးက ဒေါသကြီးစွာနဲ့ တုံ့ပြန်လာလို့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအခြေအနေတွေအပေါ်ကိုလည်း အထူးစိုးရိမ်မိတယ်လို့ရေးသားထားပါတယ်။
“မလုပ်သင့် မလုပ်အပ်သော “သေဒဏ်ချမှတ်ခြင်း” အလုပ်ကို မလုပ်သင့်သည့်အချိန်၌ မလုပ်မိစေရန် ယဉ်ကျေးသော သံတမန်ရေးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများက မေတ္တာရပ်ခံတားမြစ်နေသည့်ကြားမှ နစက ထုတ်ပြန်လိုက်သော မိုက်မဲစွာ သေဒဏ်စီရင်သည့်သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို ပို၍ဆိုးရွားစွာ နှိုးဆွ စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်” လို့ AA ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။