By Western News /2022 July 15
စစ်ကောင်စီက ဖမ်းဆီးကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က) အပါအဝင် ဝတ္တရားနှောက်ယှက်မှု၊ မသင်္ကာမှု ပုဒ်မ ၃၃၃/၁၄၄ တို့ဖြင့် တရားစွဲခံထားရသည့် ပုဏ္ဏားကျွန်းဒေသခံ ၆ ဦးကို ယနေ့ဇူလိုင်လ ၁၅ ရက်မှာ တရားရုံးကို ထုတ်ခဲ့သည်ဟု မိသားစုဝင်များကပြောသည်။
အဆိုပါ တရားစွဲခံထားရသည့် ၆ ဦးအနက် ဦးကျော်မင်း၊ ဦးဝင်းမောင်းသန်းနှင့် ဦးထွန်းလှိုင်တို့ကို ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ဦးဘလှိုင်၊ ကိုမျိုးသွင်နှင့် ကိုမြတ်သူရထွန်းတို့ကို video conferencing ဖြင့် ရုံးထုတ်ခဲ့သည်ဟု မိသားစု ဝင်များကပြောသည်။
ဦးဘလှိုင်၊ ကိုမျိုးသွင်နှင့် ကိုမြတ်သူရထွန်းတို့ကို video conferencing ဖြင့် ရုံးထုတ်ခဲ့သည်ဟု မိသားစု ဝင်များက ကြားသိရသော်လည်း မြို့သည့်မြို့ မည်သည့်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ကို မသိရသေးကြောင်း မိသားစုများကပြောသည်။
ဦးကျော်မင်း၊ ဦးဝင်းမောင်သန်းနှင့် ဦးထွန်းလှိုင်တို့ကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသလို တရားခွင့်ကိုလည်း မိသားစုဝင်များ ဝင်ရောက်နားထောင်ခွင့်မရခဲ့ဟု ဦးကျော်မင်း၏ သားဖြစ်သူ ကိုထင်အောင်ကျော်က Western News ကိုပြောသည်။
“ကျွန်တော် အဖေအပါဝင် ကိုဝင်းမောင်သန်းနဲ့ ဦးထွန်းလှိုင်တို့ကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ မိသားစုဝင်တွေနဲ့ စကားပြောခွင့်တော့ မရလိုက်ဘူး။ တရားခွင့်ထဲလည်း ဝင့်ခွင့်မရဘူး။ နောက်ထပ်ရုံးချိန်းကို ဇူလိုင်လ ၂၉ ရက်နေ့ကို ရုံးချိန်းချိန်းလိုက်တယ်။ ဒီနေ့ တရားရုံး ပြောင်းစာတင်တယ်လို့တော့ သိရတယ်။ တရားခွင် ဝင်ခွင့်မရတော့ ကျွန်တော်တို့လည်း အတိအကျ မပြောနိုင်သေးဘူး”ဟုပြောသည်။
ထို့အပြင် ဦးဘလှိုင်၊ ကိုမျိုးသွင်နှင့် ကိုမြတ်သူရထွန်းတို့ကို ယနေ့တွင် ဗီဒီယိုကွဖရင်စ့် ဖြင့် ရမန်ကြီတစ်ပတ်ယူခဲ့သည်ဟု သိရပြီး မည်သည့် တရားရုံးတွင် ယူခဲ့သည်ကို မသိရသေးဟု ဦးဘလှိုင်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင်က Western News ကိုပြောသည်။
“ဒီနေ့မှာ ကျွန်မ ယောင်္ကျားအပါအဝင် ကိုမျိုးသွင်နဲ့ ကိုမြတ်သူရထွန်းတိုကို video conferencing နဲ့ ရမန်ကြီး တစ်ပတ် ဇူလိုင်လ ၂၉ ရက်နေ့ကို ချိန်းလိုက်တယ်လို့တော့ သိရတယ်။ ဘယ်တရားရုံးမှာ ရမန်ယူလိုက်တယ်ဆိုတာတော့ မသိရသေးဘူး”ဟုပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်က ဖမ်းဆီးခံထားရသူများ ၈ ဦးအနက် ဦးကျော်မင်း၊ ဦးထွန်းလှိုင်၊ဦးဝင်းမောင်သန်းနှင့် ကိုမြတ်သူရထွန်းတို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)နှင့် တရားစွဲဆိုထားသလို ကိုဘလှိုင်နှင့် ကိုမျိုးသွင်းတို့ နှစ်ဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က) အပါအဝင် ဝတ္တရားနှောက်ယှက်မှု၊ မသင်္ကာမှု ပုဒ်မ ၃၃၃/၁၄၄ တို့နှင့်ပါ တရားစွဲဆိုထားသည်ဟု သိရသည်။
စစ်ကောင်စီကဖမ်းဆီးထားသည့် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာက အသက်မပြည့်သေးသည့် မောင်နိုင်မျိုးထွန်းနှင့် မောင်မင်းအောင်ခိုင်တို့ နှစ်ဦးကို စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ယနေ့တွင် video conferencing နဲ့ ရမန်ယူသည်ဟု သိရသော်လည် မည်သည့်ပုဒ်မနှင့် တရားစွဲခံထားရသည်ကို မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။
တရားစွဲခံထားရသည့် ပုဏ္ဏားကျွန်းဒေသခံ ၆ ဦးကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ(၅၅၀)တပ်ရင်းက ဗိုလ်ကြီး ကြည်လှိုင်က တရားလိုလုပ်ကာ တရားစွဲထားခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့ပေါ်က အရပ်သား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရကာ တစ်ချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း တစ်ချို့မှာ ယခုကဲ့သို့ တရားစွဲခံထားရသည်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါဝင် ပုဒ်မ အမျိုးအမျိုးဖြင့် တရားစွဲဆိုထားသူ ၃၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
Western News- WN
https://www.facebook.com/westernnewsagency/posts/563861358753706